Sports Myanmar

ချဲလ်ဆီးဟာ အံ့သြဖွယ် ပေါင်သန်း ၅၀တန် ကစားသမားသစ် ခေါ်ယူမှု လုပ်ထားတယ်လို့ သုံးသပ်လာတဲ့ အာဆင်နယ် ကြယ်ပွင့်ဟောင်း

 

ချဲလ်ဆီး အသင်းဟာ ယခုနှစ် နွေရာသီ ဈေးကွက် အတွင်း ကစားသမားသစ် ၂ဦး ခေါ်ယူထားပြီး ဖြစ်ကာ ၊ တဦးက ပါးလ်မီးရက်စ် အသင်းကနေ ဘရာဇီး ဆယ်ကျော်သက် ကြယ်ပွင့် တောင်ပံကစားသမား အက်စ်တီဗောင် ဝီလီယံပဲ ဖြစ်ပါတယ် ။

ကနဦးမှာ ခြင်္သေ့ပြာတို့ဟာ ဝီလီယံ အတွက် ပေါင် ၂၉သန်း ပေးချေထားရပေမယ့် ၊ အပိုဆုကြေးတွေနဲ့ ပေါင်းထည့်မယ်ဆိုရင်တော့ ၎င်းရဲ့ တန်ကြေးဟာ ပေါင်သန်း ၅၀ ဝန်းကျင် ရှိနေပါတယ် ။ လက်ရှိမှာ ချဲလ်ဆီးဟာ ၎င်းအပြင် အန်ဒရေ ဆန်းတို့စ် ၊ အိန်ဂျယ်လို ဂါဘရီရယ်နဲ့ ဒေးဗစ် ဝါရှင်တန်တို့လို တက်သစ်စ ဘရာဇီး ကြယ်ပွင့်တွေကို ခေါ်ယူထားတာ တွေ့ရပါတယ် ။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ဂျူလီယို ဘက်တစ္စတာကတော့ ချဲလ်ဆီးတို့ထံ မကြာခင် တရားဝင် ပြောင်းလာတော့မယ့် အက်စ်တီဗောင် ဝီလီယံဟာ အံ့သြဖွယ်ကောင်းတဲ့ ခေါ်ယူမှု တရပ် ဖြစ်ကြောင်း Oddspedia နဲ့ တွေ့ဆုံရာမှာ အခုလို သုံးသပ်ခဲ့ပါတယ် ။

ဘက်တစ္စတာ က ” အက်စ်တီဗောင် ဝီလီယံဟာ ဘရာဇီးကနေ ထွက်ပေါ်လာတဲ့ အံ့သြဖွယ် အရည်အချင်းရှိ ကြယ်ပွင့် တဦးပါပဲ ။ ဒါပေမယ့် သူ့ကို လီယွန်နယ် မက်ဆီနဲ့ ခိုင်းနှိုင်းတာမျိုးတွေ ကျွန်တော် မကြိုက်ပါဘူး ။ ဘရာဇီးက ထွက်ပေါ်လာတဲ့ အရည်အသွေးတွေက အံ့သြဖွယ်ပါ ။ ”

” ဒါပေမယ့် သူတို့အပေါ် ထားတဲ့ မျှော်မှန်းချက်တွေက အနည်းငယ် ဖိအားတက်စေပါတယ် ။ ဒါပေမယ့် သူဟာ အံ့သြဖွယ် ကစားသမား တယောက် ဖြစ်လာနိုင်ပြီး ၊ ချဲလ်ဆီး အတွက်တော့ ကြီးကျယ်တဲ့ ခေါ်ယူမှု တရပ်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဘက်တစ္စတာက ချဲလ်ဆီးနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် ၊ အဆုံးမှာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားပြီး ၊ လက်ရှိ အက်စ်တီဗောင် ဝီလီယံရဲ့ ပါးလ်မီးရက်စ် အသင်းဖော် ဖြစ်တဲ့ ဆယ်ကျော်သက် ကွင်းလယ်လူ အန်းဒရစ်ရဲ့ အလားအလာ အပေါ်လည်း အခုလိုပဲ ဆွေးနွေးပေးသွားပါတယ် ။

့ဘက်တစ္စတာ က ” သူသာ ကစားခွင့် ရရင် ကိုပါအမေရိကမှာ စတား တယောက် ဖြစ်လာနိုင်ပါတယ် ။ ဒါပေမယ့် ဗင်နီးဆီးယပ်စ် ဂျူနီယာက ဘရာဇီး အတွက် ပိုပြီး စွမ်းဆောင်ပြနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” ခင်ဗျားဟာ ရိုဒရီဂိုကိုလည်း ကြည့်နိုင်ပေမယ့် ၊ ဗင်နီးဆီးယပ်စ်ဟာ နိုင်ငံ လက်ရွေးစင် အသင်း အတွက် ဒီထက် ပိုလုပ်ပြဖို့ လိုနေပါတယ် ။ သူ့အနေနဲ့ ကိုယ့်မှာ ရှိနေတဲ့ အလားအလာနဲ့ အရည်အသွေးတွေကို ထုတ်ပြနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ”

” အန်းဒရစ်ဟာ အံ့သြဖွယ်ကောင်းတဲ့ အနာဂတ် တခု ပိုင်ဆိုင်ထားပေမယ့် ကျွန်တော်တို့ဟာ သူနဲ့ ပတ်သက်ပြီး စိတ်ရှည်ရှည်ထားဖို့ လိုပါမယ် ။ ဘာလို့လဲဆိုတော့ သူဟာ အခုထိ စွမ်းဆောင်ပြထားတဲ့ အရာတွေကြောင့် ဖိအားတွေနဲ့ မျှော်မှန်းချက် များစွာအောက်ကို ရောက်နေလို့ပါ ။ ”

” ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီးဆီးယပ်စ် ဂျူနီယာတုန်းကလို သူ့အပေါ်မှာ စိတ်ရှည်ရှည်ထားဖို့ လိုပါမယ် ။ ဘရာဇီးကနေ အရည်အသွေးမြင့် ကြယ်ပွင့် အများအပြား ထွက်ပေါ်နေလို့ ဒါတွေက နှိုင်းယှဉ်မှုတွေ ဦးတည်နိုင်ပါတယ် ။ သူဟာ ရော်နယ်ဒိုလို အံ့သြဖွယ် ကစားသမား တယောက် ဖြစ်လာနိုင်ပါတယ် ။ ဒါပေမယ့် သူ့အနေနဲ့ ကိုယ်ပိုင် ကစားသမား ဘဝကို ဖန်တီးနိုင်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar