
ရိုမေးနီးယား အသင်း နဲ့ ပွဲမှာ ဘယ်ဂျီယံ အသင်း တိုက်စစ်မှူး လူကာကူ ရဲ့ သွင်းဂိုး ကို လူကျွံဘော အဖြစ် သတ်မှတ်ပြီး ပယ်ဖျက်ခဲ့တဲ့ အပေါ် အီရန်ရိုက် နှင့် ပိုစတီကိုဂလူး တို့ကတော့ အပြင်းအထန် ဝေဖန် သွားခဲ့ပါတယ် ။
အဖွင့်ပွဲမှာ အရေးနိမ့် ခဲ့တဲ့ ဘယ်ဂျီယံ အသင်း ဟာ ရိုမေနီးယား နဲ့ ပွဲမှာ နှစ်ဂိုးပြတ် အနိုင်ယူပြီး နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ပြန်လည် ရှင်သန် လာခဲ့ပါတယ် ။ ဘယ်ဂျီယံ တို့ အုပ်စုမှာ အသင်း လေးသင်းစလုံးဟာ ရမှတ် ၃ မှတ်စီ ရထားကြပြီး ဘယ်အသင်း နောက်တစ်ဆင့် တက်မလဲ စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။

ဆလိုဗက်ကီးယား နဲ့ ပွဲမှာ သွင်းဂိုး နှစ်ဂိုး သွင်းခဲ့ပေမယ့် ပယ်ဖျက် ခံခဲ့ရတဲ့ လူကာကူ ဟာ ရိုမေနီးယား နဲ့ ပွဲမှာလည်း ဂိုးထပ်သွင်းခဲ့ပြီး ထပ်မံ ပယ်ဖျက် ခံခဲ့ရပါတယ် ။အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ အီရန်ရိုက်ကတော့ လူကာကူ ရဲ့ သွင်းဂိုး ကို ပယ်ဖျက် ခဲ့တဲ့ အပေါ် လက်မခံ နိုင် ဖြစ်နေပီး လူကျွံဘော နည်းပညာသစ် ကို ဝေဖန် သွားခဲ့ပါတယ် ။
အီရန်ရိုက် က ITV မှာ ” တိုက်စစ်မှူး တစ်ဦး အနေနဲ့ ဒီလို လူကျွံဘောမျိုးကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး ။ တကယ့်ကို မီလီမီတာ ပဲ ရှိတဲ့ အနေအထားပါ ၊ တိုက်စစ်မှူး တစ်ဦး အနေနဲ့ ဒါမျိုး လူကျွံဘော က လက်ခံ နိုင်စရာ မရှိပါဘူး ။ ”
စပါး နည်းပြ ပိုစတီကိုဂလူး ကလည်း ” အခုဆိုရင် ဘောလုံး အားကစားက မှုခင်း ဆေးပညာ လို အသေးစိတ် စစ်ဆေးနေတဲ့ အခြေအနေ ဖြစ်နေပါပြီ ၊ မီလီမီတာ လေးက အစပေါ့ ။ လူကျွံဘော နည်းပညာ သာ မရှိရင် ဂိုးက ခွင့်ပြု ခံရမှာပါ ၊ ဘယ်သူမှ ဘာမှ ပြောမှာ မဟုတ်ပါဘူး ။ ”

” ဘောလုံး နဲ့ လူ ဘယ်အချိန် ထိတာလဲ ၊ ဒီနည်းပညာ က ပွဲကို အများကြီး ပြောင်းလဲ သွားစေပါတယ် ၊ ကျနော် က ဒီနည်းပညာကို အားမပေးပါဘူး ၊ ဒါပေမဲ့ သုံးနေကြပြီပဲလေ ၊ ဒီနည်းပညာ ရဲ့ အပေါင်း လက္ခဏာ ဆောင်တဲ့ တခုတည်းသော အရာက မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက် ချနိုင်တာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM