
အင်္ဂလန် အသင်းဟာ ယူရို ၂၀၂၄ အုပ်စုအဆင့် ပွဲ၂ပွဲ ကစားထားပြီးချိန် ရမှတ် ၄ မှတ် ရထားကာ ၊ နောက်တဆင့် တက်ဖို့ရော ၊ အုပ်စုဗိုလ်နေရာ ရရှိဖို့ အတွက်ပါ ၊ နောက်ဆုံး လက်ကျန် အုပ်စုပွဲစဉ်မှာ မဖြစ်မနေ ဂိုးများများနဲ့ အနိုင်ရဖို့ လိုနေပါတယ် ။
မနက်ဖြန်ညမှာ ဆလိုဗေးနီးယားနဲ့ ရင်ဆိုင်ရမယ့် ပွဲအတွက် အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် တယောက် ရှေ့၂ပွဲက အလုပ်မဖြစ်ခဲ့တဲ့ ကစားကွက် ၊ ပွဲထွက်စာရင်းကိုပဲ ကြိတ်မှိတ် သုံးမလား ၊ ပြောင်းလဲသွားမလား ဆိုတာက စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

ဆောက်ဂိတ်ရဲ့ ဆလိုဗေးနီးယားနဲ့ ပွဲအတွက် ချဉ်းကပ်ပုံနဲ့ ပတ်သက်ပြီး အင်္ဂလန် ကစားသမားဟောင်းတွေနဲ့ pundit အများအပြားက အမျိုးမျိုး အကြံပြုချက်တွေ ပေးကြပေမယ့် ၊ အများစုက ဆောက်ဂိတ်ဟာ အရဲစွန့် ပြောင်းလဲမှုတွေ လုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ် ။
နယူးကာဆယ်နဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ ဆောက်ဂိတ်ဟာ ပွဲထွက်စာရင်းမှာ ဖီးလ်ဖိုဒန်နဲ့ ဂျုဒ်ဘယ်လင်ဂမ်တို့ကို ချန်လှပ်လို့ မရကြောင်းနဲ့ ၎င်းတို့ ၂ဦးကို သူသာဆို ဘယ်လို အသုံးပြုမလဲ ဆိုတာ The Rest is Football Podcast နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ပြောပြသွားပါတယ် ။

ရှီးယား က ” အင်္ဂလန်ရဲ့ ပွဲထွက်စာရင်းကနေ ဘယ်လင်ဂမ်နဲ့ ဖိုဒန်ကို ခင်ဗျား ဘယ်လိုမှ ချန်လှပ်သွားလို့ မရပါဘူး ။ တခြား ဘယ်နိုင်ငံ အသင်းမဆို ဒီကစားသမား ၂ယောက်ကို ချန်သွားမှာ မဟုတ်ပါဘူး ။ သူတို့ဟာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမားတွေပါ ။ သူတို့ ၂ယောက်လုံး ပါဝင်ပြီး အလုပ်ဖြစ်မယ့် ကစားကွက်ကို ရှာဖွေရပါမယ် ။ ”
” ကျွန်တော် ပြောခဲ့ဖူးတဲ့အတိုင်း ဘယ်လင်ဂမ်ကို ရိုက်စ်နဲ့ အတူ တွဲကစားစေပြီး ၊ ရှေ့တက်ဖို့ လွတ်လပ်ခွင့် တရပ် ပေးသွားပါမယ် ။ ဆာကာနဲ့ ဂေါ်ဒွန်ကို ဟယ်ရီကိန်းရဲ့ ဘယ်တဖက် ၊ ညာတဖက်မှာ ထားပြီး သုံးပါမယ် ။ ဖိုဒန်ကို နံပါတ် ၁၀ အဖြစ်နဲ့ ကစားစေပါမယ် ။ ”

” သူတို့ဟာ ပြိုင်ဖက် နောက်ခံလူတွေနဲ့ တယောက်ချင်း အနေအထားတွေကို ရှိန်နေသင့်တယ်လို့ မထင်ပါဘူး ။ သူတို့ဟာ လုပ်နိုင်တယ် ဆိုတာထက် ပိုပါတယ် ။ သူ ( ဆောက်ဂိတ် ) ဟာ ဒါမျိုး ပြောင်းလဲရပါလိမ့်မယ် ။ ဒါပေမယ့် သူ ပြောင်းနိုင်မှာ မဟုတ်သလို ၊ ပြောင်းလည်း ပြောင်းမှာ မဟုတ်ပါဘူး ။ ”
” ကွင်းလယ်မှာ ထရန့်ကို လောင်းကစားဆန်ဆန် သုံးတာက အလုပ်မဖြစ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ရှီးယားက ဒိန်းမတ်နဲ့ ပွဲမှာ ဆိုးရွားလွန်းတဲ့ ခြေစွမ်းနဲ့ တဖက် တဂိုးစီ သရေတမှတ်သာ ရခဲ့တဲ့ အင်္ဂလန်ရဲ့ စွမ်းဆောင်ရည် အပေါ် အခုလိုပဲ ဝေဖန်သွားပါတယ် ။

ရှီးယား က ” တူညီတဲ့ အသင်းက ကစားသမားတိုင်း ခြေစွမ်း နုံချာတယ် ဆိုတာ ခင်ဗျား အနေနဲ့ တွေ့ရဖို့ အင်မတန် ခဲယဉ်းပါတယ် ။ ယုတ်စွအဆုံး ပြောရရင် ဂွီဟီလောက်ပဲ ကစားပုံ ကောင်းခဲ့ပါတယ် ။ ဖိုဒန်လည်း နည်းနည်းပါးပါး ကောင်းခဲ့ပါတယ် ။ ဒီလောက်ပါပဲ ။ ”
” ကျွန်တော့ကို အံ့သြစေခဲ့တဲ့ အရာက ဘာ plan မှ မရှိခဲ့တာပါ ။ ဂါရတ်ဟာ ဒီကစားသမားတွေဆီက အကောင်းဆုံး အရည်အသွေးတွေ မထုတ်ယူပြနေပါဘူး ။ သူ နည်းလမ်း တခုခု ရှာကို ရှာရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR