Sports Myanmar

ချဲလ်ဆီးထံ ကျေးဇူးတင်စကားဆိုရင်း ၊ အနာဂတ်မှာ ဥရောပ ဘောလုံးလောကသို့ ပြန်လှည့်လာဖို့ ရှိမရှိ တုန့်ပြန်ဖြေကြားလာတဲ့ ကန်တေ

ပြင်သစ် လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေဟာ ပြီးခဲ့တဲ့ ယူရို အုပ်စု ၂ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ပြခဲ့တာကြောင့် Man of the Match ဆုတွေ ဆွတ်ခူးခဲ့ပါတယ် ။ ဒါဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကန်တေကို ဥရောပ ဘောလုံး စင်မြင့်ထက်မှာ ပြန်လည် မြင်တွေ့နေရခြင်းပဲ ဖြစ်ပါတယ် ။

အသက် ၃၃နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကန်တေဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ဆော်ဒီ ပရိုလိဂ် ကလပ် အယ်အစ်တီဟတ် အသင်းသို့ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၊ တခြားသော ဥရောပ ကလပ်တွေရဲ့ စိတ်ဝင်စားမှု အပေါ် လျစ်လျူရှုခဲ့ပါတယ် ။

သို့ပေမယ့် ကန်တေဟာ အနာဂတ်မှာ ဥရောပ ဘောလုံး လောကသို့ ပြန်လည် အခြေချနိုင်ခြေ ရှိသလား ဆိုတဲ့ အမေးကိုတော့ မနေ့က ယူရို အုပ်စု နောက်ဆုံးပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ တုန့်ပြန် ဖြေကြားလာပါတယ် ။

ကန်တေ က ” မပြီးဆုံးသေးပါဘူး ။ ဒီလို သတင်းပြန်မေးတာကို ကျွန်တော် ကျေးဇူးတင်ပါတယ် ။ ဆော်ဒီ အာရေးဘီးယားမှာက အတွေ့အကြုံ အသစ်အဆန်း တခုပါပဲ ။ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ ဒီလို ဥရောပ ပြိုင်ပွဲ ခံစားချက်တွေ ပြန်ရှာတွေ့နေတာကလည်း အရမ်း လှပပါတယ် ။ ”

” ဒါက ကျွန်တော့ကို စိတ်ကြည်နူးစေပြီး ၊ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ကောင်းကောင်းမွန်မွန် ဆက်လက် ယှဉ်ပြိုင်လိုပါတယ် ။ ဒါပေမယ့် ဒါကတော့ ဒီနေ့မှာ ကျွန်တော် ကိုယ့်ကိုယ်ကို မေးတဲ့ မေးခွန်း တခု မဟုတ်ပါဘူး ။

” ကျွန်တော် အေးဆေးပါပဲ ။ ပြီးခဲ့တဲ့ အာရေးဘီးယားမှာ အယ်အစ်တီဟတ်နဲ့ ဘောလုံး ရာသီက ကောင်းကောင်းမွန်မွန် ဖြတ်သန်းပြီးခဲ့ပါပြီ ။ အဲဒီနောက် ပြင်သစ်နဲ့ အတူ ကျွန်တော်တို့ ယူရို အတွက် ကောင်းကောင်းမွန်မွန် ပြင်ဆင်ခဲ့ကြပါတယ် ။ ”

” လောလောဆယ်တော့ ကျွန်တော် အေးဆေးပါပဲ ။ ဒီအတိုင်း ရှေ့ဆက်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ တခုခု ဖြစ်လာရင်တော့ ကျွန်တော့ နေရာ အစားဝင်မယ့် ကစားသမားတွေ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော်ကတော့ ရှေ့ဆက် ကစားချင်ပါသေးတယ် ၊ အမြင့်ဆုံး ပေးဆပ်ချင်ပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ၊ လက်စတာတို့နဲ့ အတူ ပရီးမီးယားလိဂ်မှာ ၇နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ကန်တေဟာ ထိုကာလ အတွင်း ဥရောပ ထိပ်တန်း ကွင်းလယ်လူ အဖြစ် တဟုန်ထိုး တိုးတက်ခဲ့ပါတယ် ။ အထူးသဖြင့် ချဲလ်ဆီးမှာ ၎င်းဟာ နဂို ကွင်းလယ် ခံစစ် အရည်အသွေး သာမက တိုက်စစ် လိုက်ပါရတဲ့ စွမ်းဆောင်ရည်လည်း ကောင်းလာခဲ့ပါတယ် ။

သူ့ရဲ့ လိုက်လျောညီထွေ ဖြစ်လာခြင်းနဲ့ ပတ်သက်ပြီး ချဲလ်ဆီး အပေါ် ကျေးဇူးတင်တဲ့ အနေနဲ့ ကန်တေ က ” မှန်ကန်တဲ့ အချိန်အခါမှာ ခင်ဗျားဟာ ဘာလုပ်ရမလဲ ဆိုတာ ကိုယ့်ကိုယ်ကို သိရပါမယ် ။ ချဲလ်ဆီးမှာ ကျွန်တော် အခေါက်ခေါက် အခါခါ သင်ယူလေ့လာခဲ့ရတဲ့ အရာတွေ ရှိပါတယ် ။ ပြင်သစ် အသင်းနဲ့လည်း ကျွန်တော်တို့ဟာ မှန်ကန်တဲ့ အချိန်အခါမှာ ရင့်ကျက်မှု ၊ တုန့်ပြန်မှုတွေ လိုပါတယ် ။ ”

” လောလောဆယ်တော့ ဒါက အလုပ်ဖြစ်နေပါတယ် ။ ကျွန်တော် ပြောခဲ့သလို ၊ အဓိက အရာက အံဝင်အောင် လုပ်ဖို့ပါ ။ တခါတလေ တခြားသော ပတ်ဝန်းကျင် တခုမှာ အသားကျအောင် နေဖို့ လိုပါမယ် ။ တခါတလေ အခြေအနေက ကျွန်တော့ အပေါ်မှာလည်း မူတည်ပါတယ် ။ ဒါပေမယ့် ခင်ဗျား လုပ်နိုင်တဲ့ အချိန်မှာတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာ သိရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar