Sports Myanmar

အီတလီရဲ့ နောက်ဆုံးမိနစ် အသည်းခွဲဂိုးနဲ့ ယူရို ပြိုင်ပွဲကို နှုတ်ဆက်ဖို့ အလွန်နီးလာပြီးနောက် ကစားသမား ဘဝက အနားယူဖို့ အကြောင်း ဆွေးနွေးလာတဲ့ မိုဒရစ်

 

ခရိုအေးရှား အသင်းဟာ ယမန်နေ့ညက ကစားသွားတဲ့ အုပ်စု နောက်ဆုံးပွဲမှာ အီတလီ အသင်းကို ပွဲပြီးခါနီး နာကျင်အချိန်ပို နောက်ဆုံးမိနစ် မတိုင်ခင် အထိ အသင်းခေါင်းဆောင် လူကာ မိုဒရစ်ရဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီးမှ ၊ အသည်းခွဲဂိုး ပေးခဲ့ရကာ သရေကျခဲ့ပါတယ် ။

ဒီရလဒ်ကြောင့် ခရိုအေးရှားဟာ အုပ်စုပွဲ အားလုံး အပြီးမှာ ၂မှတ်သာ ရခဲ့ကာ ၊ အကောင်းဆုံး တတိယ တနေရာ အတွက် မလုံလောက်ခဲ့တာကြောင့် ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရဖို့ အတော် နီးစပ်နေပြီ ဖြစ်ပါတယ် ။ ယနေ့ည ဆလိုဗေးနီးယားသာ အင်္ဂလန်ကို ၃ဂိုး အထက် အပြတ်အသတ် မရှုံးခဲ့ရင်တော့ ခရိုအေးရှားတို့ ယူရို ပြိုင်ပွဲကို နှုတ်ဆက်ရမှာ ဖြစ်ပါတယ် ။

အသက် ၃၈နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မိုဒရစ် အတွက် ဒါဟာ နောက်ဆုံးသော နိုင်ငံ အသင်း ပြိုင်ပွဲ ဖြစ်သွားပြီလို့ ထောက်ပြ ပြောဆိုနေကြတာတွေ ရှိပြီး ၊ ပွဲပြီး အင်တာဗျူးမှာတော့ ယင်းရီးရဲလ်မက်ဒရစ် ကွင်းလယ်လူက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ကာ အခုလိုပဲ ဆွေးနွေးပေးသွားပါတယ် ။

မိုဒရစ် က ” ကျွန်တော်ဟာ တသက်လုံး ဘောလုံး ကစားချင်ပေမယ့် ၊ အနားယူဖို့ လိုလာမယ့် အချိန် တရပ်တော့ ရောက်လာမှာပါ ။ အခုတော့ ကျွန်တော် ရှေ့ဆက် ကစားသွားဦးမှာပါ ။ ဒါပေမယ့် ဘယ်အချိန်အထိ ကြာအောင် ကျွန်တော် ဆက်ကစားမလဲ ဆိုတာတော့ မသိပါဘူး ။ ”

” ခရိုအေးရှား အတွက် နောက်ဆုံးပွဲ ကစားပေးခဲ့တာလား ? ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရမှာပေါ့ ။ အခုတော့ ဒီအကြောင်းတွေ ဆွေးနွေးဖို့ မဟုတ်သေးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မိုဒရစ်ဟာ မနေ့ညက ပွဲမှာ ပင်နယ်တီ လွဲခဲ့ပေမယ့် ၊ ခရိုအေးရှား အတွက် အဖွင့်ဂိုး ရှာဖွေပေးခဲ့သလို ၊ ပွဲအတွင်း ပျမ်းမျှ စွမ်းဆောင်ရည်ကလည်း ကောင်းခဲ့တာကြောင့် Man of the Match ဆုကို ရခဲ့ပါတယ် ။ သို့ပေမယ့် ၎င်းကတော့ နာကျင်အချိန်ပို ၈မိနစ် အထိ ပေးခဲ့တဲ့ ကွင်းလယ်ဒိုင် အပေါ် နားမလည်ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

မိုဒရစ် က ” ကျွန်တော် ခင်ဗျားကို ဘာပြောရမလဲ မသိတော့ပါဘူး ။ ဘောလုံးက တခါတလေတော့ ရက်စက်ပါတယ် ။ ဒီနေ့မှာ အဲဒါကို ပြသသွားခဲ့ပါတယ် ။ ဒီချေပဂိုး ပေးရဖို့ ကျွန်တော်တို့နဲ့ မထိုက်တန်ခဲ့ပါဘူး ။ ဘယ်ကနေပြီး နာကျင်အချိန်ပိုကို ၈မိနစ် အထိ ပေးဖို့ ကွင်းလယ်ဒိုင်က အကြံရသွားလဲတော့ ကျွန်တော် မသိပါဘူး ။ ”

” ဒီလိုမျိုး ခင်ဗျား ပြိုဆင်းခဲ့သင့်လားပေါ့ ။ ဒီလို ပုံစံနဲ့ ကျွန်တော်တို့ ဒီနေ့မှာ ကျရှုံးခဲ့ပါတယ် ။ ဒါက နှစ်သိမ့်မှု တခုတော့ မဟုတ်ဘူး ဆိုတာ ကျွန်တော် သိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး မိုဒရစ်က မနေ့ညက ပွဲမှ သွင်းဂိုး အပြီး ယူရို သက်တမ်း တလျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာခြင်း အပေါ် အခုလိုပဲ တုန့်ပြန်လာပါတယ် ။

မိုဒရစ် က ” အသင်းကို အထောက်အကူ မပေးတဲ့အခါ ဒီမှတ်တမ်းက ကျွန်တော့ အတွက် ဘာမှမဟုတ်ပါဘူး ။ ကျွန်တော်တို့ဟာ ခြင်္သေ့တွေလို တိုက်ပွဲဝင်ခဲ့ပေမယ့် ၊ ဘောလုံးက ကျွန်တော်တို့ အပေါ်မှာ ရက်စက်ခဲ့ပါတယ် ။ နောက်ဆုံး စက္ကန့်တွေမှာ ၂ဂိုးပေးခဲ့ရတာပါ ။ ဒါနဲ့ ပတ်သက်ပြီး ခံစားချက်ကို ဖော်ပြဖို့ ခက်ပါတယ် ။ ဒီအတွက် ကျွန်တော်တို့ အချိန်ယူရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar