Sports Myanmar

ဆောက်ဂိတ်ဟာ ယူရို ၁၆သင်းအဆင့်မှာ အင်္ဂလန် စတား တဦးကို ပွဲစထုတ်ဖို့ ဖိအားပေး ခံနေရပြီလို့ ယုံကြည်နေတဲ့ ရွိုင်ကိန်း

 

အင်္ဂလန် အသင်းဟာ ယမန်နေ့ညက ကစားသွားတဲ့ ယူရို ၂၀၂၄ အုပ်စုနောက်ဆုံးပွဲမှာ ဆလိုဗေးနီးယား အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပေမယ့် ၊ တဖက်က ဒိန်းမတ် – ဆားဘီးယား ပွဲမှာလည်း ဂိုးမရှိသရေ ကျခဲ့တာကြောင့် ၊ အုပ်စုဗိုလ် အဖြစ်နဲ့ ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်ပါတယ် ။

အုပ်စု C မှာ ၂ဂိုးသာ သွင်းပြီး ရမှတ် ၅မှတ်နဲ့ ၁၆သင်းအဆင့်သို့ တက်နိုင်ခဲ့တဲ့ နာမည်ကြီး အင်္ဂလန်ရဲ့ တိုက်စစ် စွမ်းဆောင်ရည်ဟာ မနေ့ညက ပွဲအပြီးမှာတော့ ဝေဖန်စရာ ပိုဖြစ်လာပြီး ၊ လူစားဝင် ကြယ်ပွင့်တွေရဲ့ ကစားပုံကိုတော့ ချီးကျူးမှုတွေ များခဲ့ပါတယ် ။

အထူးသဖြင့် ယူရိုမှာ ပထမဆုံး မိနစ်တွေ ရရှိခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မာနဲ့ နယူးကာဆယ် ကြယ်ပွင့် အန်သိုနီ ဂေါ်ဒွန်တို့ရဲ့ တောင်ပံ ၂ဖက်က ကစားအားဟာ ဒုတိယပိုင်းရဲ့ နောက်ပိုင်း မိနစ်တွေမှာ ဆလိုဗေးနီးယား ခံစစ်ကို ပိုမို လှုပ်ခတ်မှု ဖြစ်စေခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းကတော့ အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ မနေ့ညက စွမ်းဆောင်ရည်ကြောင့် ပါလ်မာကို ၁၆သင်း ရှုံးထွက်အဆင့်မှာ ပွဲထုတ်သုံးဖို့ ပရိသတ်တွေရဲ့ ဖိအားပေးခြင်းကို ခံနေရပြီလို့ ITV ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ရွိုင်ကိန်း က ” သူဟာ လာမယ့်ပွဲမှာ ပါလ်မာကို ပွဲထုတ်သုံးဖို့ ကြီးမားတဲ့ ဖိအားဒဏ်အောက် ရောက်နေပါပြီ ။ ဘာလို့လဲဆိုတော့ ဒီညပွဲမှာ သူဟာ လူစားဝင်လာပြီး ပွဲအပေါ် သက်ရောက်မှု ရှိစေခဲ့လို့ပါ ။ သူတို့ဟာ ဒီပွဲရဲ့ အသွားကို တွက်ချက်ဖို့ ရုန်းကန်နေခဲ့ရပါတယ် ။ ”

” ဒါပေမယ့် သူတို့ဟာ Clean Sheet ထိန်းနိုင်ခဲ့ပြီး ၊ ဒီညမှာ လူငယ် ကစားသမား အနည်းငယ် လူစားဝင် ကစားခွင့် ရခဲ့ပါတယ် ။ ဒါက တကယ် သွားရမယ့် လမ်းကြောင်းမှန် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ လူငယ် ကစားသမားတွေဟာ ဘာအကြောက်တရားမှ မရှိဘူးလို့ ကျွန်တော် အမြဲ ပြောဖူးပါတယ် ။ တခါတလေမှာ သူတို့နဲ့ပဲ ခရီးဆက်တာက ကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဆောက်ဂိတ်က ပါလ်မာ ၊ ဂေါ်ဒွန် အပြင် ၊ ဒုတိယပိုင်း စစချင်း ကော်နာ ဂေါ်လဂါရဲ့ နေရာမှာ လူစားဝင်ခွင့် ရခဲ့တဲ့ မန်ယူနိုက်တက် ဆယ်ကျော်သက် ကြယ်ပွင့် ကွင်းလယ်လူ ကော်ဘီ မိန်းနူးကိုလည်း အခုလိုပဲ ချီးကျူးစကား ဆိုခဲ့ပါတယ် ။

ဆောက်ဂိတ် က ” သူ ကစားတာ အရမ်းကောင်းခဲ့ပါတယ် ။ နေရာလွတ်တွေ ရှာဖွေနိုင်ခဲ့သလို ၊ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ် ။ ပွဲပြီးခါနီးမှာ သူ ဂိုးသွင်းဖို့ အထိကို ကျွန်တော်တို့ ပံ့ပိုးပေးနေခဲ့တာပါ ။ သူတို့ဟာ လူငယ် ကစားသမားတွေ ဖြစ်ပြီး ၊ ကျွန်တော်တို့ဟာ သူတို့ကို ခက်ခဲတဲ့ ပတ်ဝန်းကျင်ထဲမှာ ရဲရဲဝံ့ဝံ့ နေရာပေးနေတာပါ ။ ”

” သူတို့ဟာ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ သက်ရောက်မှု တခု ပေးခဲ့ပြီး ၊ ကောင်းတဲ့ အရာတွေ စွမ်းဆောင်ပေးခဲ့ပါတယ် ။ အန်သိုနီ ဂေါ်ဒွန် ၊ ကိုးလ်ပါလ်မာ ၊ ကော်ဘီ မိန်းနူးတို့ဟာ တကယ်ကောင်းတဲ့ အရွေ့တွေ ပြသနိုင်ခဲ့ပါတယ် ။ ဒါတွေကို ကျွန်တော်တို့ ရှေ့ဆက် တည်ဆောက်ရပါမယ် ။ ဒီညပွဲကနေ တည်ဆောက်ရမယ့် အရာတွေ အများကြီး ရခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar