Sports Myanmar

စွမ်းဆောင်ရည် ကျဆင်းနေတဲ့ ပြင်သစ် စတား တဦးနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ် မှတ်ချက် ပေးသွားတဲ့ လမ်းပတ်

 

ပြင်သစ် အသင်းဟာ ယမန်နေ့ညက ကစားသွားတဲ့ ယူရို ၂၀၂၄ အုပ်စု နောက်ဆုံးပွဲမှာ ပိုလန် အသင်းကို တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီး ၊ တဖက်က သြစတြီးယားဟာ နယ်သာလန်ကို ၃ – ၂ နဲ့ အနိုင်ရခဲ့တာကြောင့် ၊ နာမည်ကြီး ပြင်သစ်တို့ အုပ်စု ဒုတိယ အဖြစ်နဲ့သာ ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ နာမည်ကြီး စူပါစတား ကီလီယန် အမ်ဘတ်ပေ ပွဲထွက် ပြန်ပါလာခဲ့ပေမယ့် ၊ ပင်နယ်တီကနေသာ ဂိုးသွင်းနိုင်ခဲ့ပြီး ၊ ၎င်းအတွက် လိုအပ်တဲ့ ဖန်တီးမှုတွေကို အခြားသော ပြင်သစ် အသင်းဖော်တွေက လုံလုံလောက်လောက် မပံ့ပိုးပေးနိုင်ခဲ့ပါဘူး ။

အထူးသဖြင့် ပီအက်စ်ဂျီမှာ အမ်ဘတ်ပေနဲ့ အတူ တွဲကစားတဲ့ ညာတောင်ပံက အူစမန် ဒမ်ဘီလီဟာ ပွဲချိန် တချို့မှာ ဘောလုံး အထိန်း များနေခဲ့ကာ ၊ တိုက်စစ် အတွက် ဖြတ်တင်ဘောတွေ ပေးပို့ရာမှာလည်း တိကျ သေချာမှု မရှိပဲ လိုအပ်ချက်တွေ များနေခဲ့ပါတယ် ။

ချဲလ်ဆီးနဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ကတော့ ဒမ်ဘီလီဟာ အတွေ့အကြုံရင့် တောင်ပံကစားသမား တယောက် ဖြစ်နေတာကြောင့် ၊ အခုလို ၎င်းကို ဥရောပ အဆင့်မြင့် ပြိုင်ပွဲမျိုးမှာ အားကိုးမရခြင်းက စိုးရိမ်စရာကောင်းကြောင်း BBC Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ အခုလိုပဲ မှတ်ချက်ပြုသွားပါတယ် ။

လမ်းပတ် က ” ခြေ၂ဖက်လုံးနဲ့ ဘောလုံး ထိန်းပြီး လိမ်ခေါက် ကစားနိုင်တဲ့ ကစားသမားတိုင်းဟာ ခင်ဗျားရဲ့ ဘယ်ဖက်ခြမ်းကမဆို ကျော်ဖြတ်နိုင်ပါတယ် ။ ဒါက စပါယ်ရှယ် အရည်အသွေး တခုပါ ။ ဒါပေမယ့် ကျွန်တော် စိုးရိမ်မိတာက သူဟာ လူငယ် ကစားသမား တယောက် မဟုတ်တော့ပါဘူး ။ ”

” သူဟာ ချန်ပီယံလိဂ်မှာ တနှစ်ပြီး တနှစ် ကစားလာပြီး ၊ တကယ်တမ်း ယူရိုအဆင့်မှာတော့ ကွင်းတွင်း ဘာတခုမှ လုပ်မပြထားနိုင်ပါဘူး ။ သူ့ရဲ့ ဖြတ်တင်ဘော နည်းစနစ် ၊ ဘယ်နေရာဆီ အရောက် ဖြတ်တင်ပေးရမလဲ ဆိုတဲ့ နားလည်မှု ပျောက်ဆုံးနေပါတယ် ။ ”

” ဒီအရည်အသွေးတွေက သူ့ဆီ တကယ်ရော ရောက်လာမှာလား ? ခင်ဗျား သေချာ မပြောတတ်ပါဘူး ။ နောက်ပြီး ဒါက တပွဲပြီး တပွဲ တည်ငြိမ်မှု မရှိလာတော့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ၂ဦး ဖြစ်တဲ့ အလန်ရှီးယားနဲ့ ဂယ်ရီ လိုင်နီကာတို့ကလည်း ဒီတကြိမ် ယူရိုမှာ အံ့အားသင့်ဖွယ် ရုန်းကန်နေရတဲ့ ပြင်သစ်ရဲ့ တိုက်စစ် ကစားဟန်နဲ့ ပတ်သက်ကာ အခုလိုပဲ ဆွေးနွေး သုံးသပ်သွားပါတယ် ။

ရှီးယား က ” ပြဿနာ အသေးလေး တခုက သူ ( အမ်ဘတ်ပေ ) ကြောင့် ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ် ။ သူက ဘယ်လောက်ထိ အံ့သြဖွယ်ကောင်းလဲ ဆိုတာ ကျွန်တော်တို့ သိကြပါတယ် ။ သူ့နားမှာ ပြင်သစ် ကစားသမားတွေ အံဝင်ခွင်ကျ ကစားပေးနိုင်ဖို့ ဟန်ချက် တခုပဲ လိုတာပါ ။ ”

” သူတို့ဟာ ဒီနေ့မှာ ဘာကိုလာကို ဘယ်ခြမ်းမှာ ၊ ဒမ်ဘီလီကို ညာခြမ်းမှာ စမ်းသုံးကြည့်ခဲ့ပါတယ် ။ နောက်တော့ သူတို့ဟာ ဂျရူး ၊ ပြီးတော့ ဂရဇ်မန်းတို့ကို လူစားလဲ ထည့်ခဲ့ရပါတယ် ။ ဒါက လောလောဆယ်မှာ အလုပ်မဖြစ်နေပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လိုင်နီကာ က ” သူတို့ အဆုံးမှာ ဂျရူးနဲ့ပဲ တစခန်း ပြန်သွားဦးမယ်လို့ ကျွန်တော် ခံစားမိနေပါတယ် ။ သူက အားထားရပြီး ၊ အထောင်တိုက်စစ်မှာ ဘယ်လို ကစားရမလဲ ဆိုတာ သိပါတယ် ။ ဒါက အမ်ဘတ်ပေကို ဘယ်ခြမ်းမှာ ပြန်သုံးဖို့ ခွင့်ပြုစေပါမယ် ။ ”

” ခင်ဗျားဟာ အူစမန် ဒမ်ဘီလီကို ညာခြမ်းမှာ သုံးဖို့ အကြောင်း ပြောခဲ့ပြီး ၊ သူဟာ အရည်အသွေး အများကြီး ပိုင်ဆိုင်ထားပါတယ် ။ ဒါပေမယ့် သူဟာ မကြာခဏ လိုအပ်တာထက် အနည်းငယ် ပိုပြီး လုပ်တတ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar