
ယူရို 2022 ပြိုင်ပွဲကြီးမှ Group C ရဲ့ အုပ်စု စာရင်းထဲ အင်္ဂလန် လက်ရွေးစင် အသင်းဟာ ဒိန်းမတ် ၊ ဆလိုဗေးနီးယား ၊ ဆားဘီယား အသင်းတို့နဲ့ ကျရောက်ခဲ့တဲ့နောက် သူတို့ပဲ ဒီအုပ်စုမှာ ဗိုလ်စွဲလိမ့်မယ်လို့ အားလုံး ယုံကြည်ခဲ့ကြပါတယ် ။
ဒါပေမဲ့ ပရိသတ်တွေရဲ့ အတွေးထဲ အင်္ဂလန် တို့ အုပ်စုပွဲ 3 ပွဲလုံးကို အနိုင်ကစားပြီး ရမှတ် 9 မှတ် အပြည့်နဲ့ အုပ်စုဗိုလ် ဖြစ်လိမ့်မယ်လို့ တွေးခဲ့ကြတာက လွဲမှားသွားခဲ့ရပါတယ် ။ အင်္ဂလန် တို့ အုပ်စုဗိုလ် ဖြစ်ခဲ့ရတာက တစ်ပွဲနိုင် ၊ နှစ်ပွဲသရေ ရလဒ်နဲ့ပါ ။

အဲ့ထဲမှာတော့ သူတို့ဟာ သွင်းဂိုး 2 ဂိုးသာ သွင်းယူနိုင်ခဲ့ကြပါတယ် ။ ဒီလို အင်အား တောင့်တင်းလွန်းတဲ့ အသင်းမျိုး အခုလို ရလဒ် ထွက်ပေါ်ခဲ့တာက တကယ့်ကို လက်မခံချင်စရာ ဖြစ်ခဲ့ရပါတယ် ။ ဒါနဲ့ပတ်သက်လို့ အင်္ဂလန် ရဲ့ ပြသနာက ဘာလဲဆိုတာ အလန်ရှီးယား က ဆလိုဗေးနီးယား နဲ့ ပွဲအပြီး ဖွင့်ပြောသွားခဲ့ပါပြီ ။
” ဒီအသင်း ခံယူနေခဲ့ရတဲ့ ဝေဖန်မှုတွေကို တုန့်ပြန်ပြတဲ့ အခွင့်အလမ်းမျိုး ဒီပွဲမှာ ကျွန်တော် တကယ်ပဲ မြင်တွေ့ချင်နေခဲ့မိပါတယ် ။ ဒါပေမဲ့ နောက်ဆုံး ပွဲကစားချိန်ရဲ့ မိနစ် အနည်းငယ် အတွင်းမှာ အဲ့တာကြီးက လက်တွေ့ ဖြစ်ပွားမလာခဲ့ရပါဘူး ”

” နောက်ဆုံးလူစားလဲမှုတွေ လုပ်ခဲ့တဲ့နောက် ဒါကြီးက တူညီတဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကို ဆက်လက် ပြသနေခြင်းပဲ ဖြစ်သွားခဲ့ရပါတယ် ။ ဒါမျိုးကို ဂါးရတ် ဆောက်ဂိတ် ရဲ့ အသင်းမှာ ကျွန်တော်တို့ နှစ်ကြိမ်အထိ မြင်တွေ့ခဲ့ပြီးကြပြီလေ ”
” ကျွန်တော်တို့က သူတို့ ဒီထက် ပိုလုပ်ပြဖို့ မျှော်လင့်ခဲ့ကြတယ်လေ ။ ဒါပေမဲ့ ဂါးရတ် ဆောက်ဂိတ် ကတော့ သူ့ရဲ့ ကစားသမားတွေဆီက အကောင်းဆုံး စွမ်းဆောင်ရည် မြင်ရဖို့ ဟန်ချက်တစ်ခု မရှာနိုင်ခဲ့ပါဘူး ။ ကစားသမားတွေရဲ့ ကလပ်အသင်းက စွမ်းဆောင်ရည်ကို မြင်တွေ့ရဖို့ အဓိက ပြောင်းလဲရမှာက ဟန်ချက် ရရှိဖို့ပါပဲ ”

” လက်ရှိ အင်္ဂလန် အသင်းနဲ့ပတ်သက်လို့ ကျွန်တော် စိိုးရိမ်မိတာက ဘောလုံးကိုင်ပြီးတော့ တိုက်စစ်ဆင် ကစားချိန်တွေမှာ Pattern တစ်ခု ရှိမနေခဲ့တာပါပဲ ။ သူတို့တွေဟာ တစုံတခုကို လုပ်ပြနိုင်ဖို့ ရုန်းကန်နေခဲ့ရတာကိုချည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ကြရပါတယ် ”
” ဖီးလ် ဖိုဒန် နဲ့ ဂျုဒ် ဘယ်လင်ဂမ် တို့ကို တွဲဖက်ပြီး သုံးနေရတဲ့ အခုလို နည်းလမ်းက မအောင်မြင်နိုင်ခဲ့ပါဘူး ။ ကျွန်တော့်အတွေးထဲ ဘယ်လင်ဂမ် ကို ရိုက်စ် နဲ့ တွဲဖက်ပြီး ဖိုဒန် ကို နံပါတ် 10 နေရာမှာထားပြီး ကစားစေတာက ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်ခဲ့မိပါတယ် ” လို့ အလန်ရှီးယား က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။
#SM