
ချဲလ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မာဟာ တမြန်နေ့ညက ကစားသွားတဲ့ ဆလိုဗေးနီးယား အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စု နောက်ဆုံးပွဲမှာ အင်္ဂလန် အတွက် ပထမဆုံး ယူရို မိနစ်တွေ စတင် ရရှိခဲ့ပြီး ၊ လူစားဝင် မိနစ် တချို့မှာ သိသာ ထင်ရှားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ် ။
ပါလ်မာနဲ့ ပတ်သက်ပြီး တော့တင်ဟမ် နည်းပြ အန့်ဂျ်ပေါ်စတီကိုဂလူ က သူနှစ်သက် သဘောကျမိတဲ့ အရာတွေ အကြောင်း ” သူ ဘောလုံး ရတဲ့ အခါတိုင်း ပြိုင်ဖက် ကစားသမားတွေကို ကျော်ဖြတ်ပြဖို့ ကြည့်နေတတ်ပါတယ် ။ တဦးချင်းဖြစ်စေ ၊ အတွဲလိုက် ဖြစ်စေပေါ့ ။ သူ့ရဲ့ အတိုးအလှုပ် တခုချင်းစီက ပြိုင်ဖက် ကစားသမား တယောက်ယောက်ကို ဖယ်ထုတ်လိုက်သလိုပါပဲ ။ ”

” ခင်ဗျားမှာ ဒီလို ကစားသမား တယောက် ရှိနေရင် ၊ ပြိုင်ဖက် ခံစစ်က ဘယ်လိုမျိုးပဲ တည်ဆောက်ထားပါစေ ၊ သူဟာ နေရာလွတ် တခုခု အမြဲ ရှာဖွေပေးနိုင်ပါတယ် ။ သူ့ရဲ့ ပထမဆုံး အတွေးက ‘ ငါ ပြိုင်ဖက် ကစားသမား တယောက်ချင်းပဲ ဖြစ်ဖြစ် ၊ အတွဲလိုက် ဖြစ်ဖြစ် ဘယ်လိုမျိုး ကျော်ဖြတ်ရမလဲ ‘ ဆိုတာပါပဲ ။ ”
” ဒီလို ကစားသမားမျိုးတွေက ရှားပါတယ် ။ ပွဲမတိုင်ခင်က ကျွန်တော် ပြောခဲ့သလို ၊ သူတို့ဟာ လူငယ် ကစားသမားတွေကို ကာကွယ်ပေးဖို့ အကြောင်း ပြောခဲ့ကြတာ ကျွန်တော် သိပါတယ် ။ သူတို့ဟာ အကာအကွယ်တွေ လိုအပ်တယ်လို့ ကျွန်တော် မထင်ပါဘူး ။ သူတို့ကို ကွင်းထဲမှာ ထည့်ကစားဖို့ပဲ လိုတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ပေါ်စတီကိုဂလူ က ဆောက်ဂိတ်ရဲ့ လူငယ် ကစားသမားတွေ အပေါ် အလေးပေးမှုနဲ့ ပတ်သက်ပြီး ” ဒါက ခင်ဗျားရဲ့ မာနကို ချိုးနှိမ်ရာကျသလား ဆိုတာ ကျွန်တော် မသိပါဘူး ။ ဘာလို့လဲဆိုတော့ ဒါက သူလိုချင်တဲ့ ပုံစံအတိုင်း အလုပ်ဖြစ်ခဲ့တယ်လို့ ခံစားရကြောင်း ကိုယ်တိုင် ထုတ်ပြောခဲ့လို့ပါ ။ ကနဦးမှာ သူဟာ မာမာထန်ထန် press ကစားအားကို အလိုရှိခဲ့ပြီး ၊ ကော်နာကို အသုံးပြုခဲ့တာက လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက် တခု ဖြစ်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် နောက်တော့ သူက ဘောလုံး ပိုထိန်းကစားဖို့ အလိုရှိကြောင်း ပြောခဲ့တာကြောင့် ကော်ဘီဟာ ဒီအခြေအနေနဲ့ ပိုပြီးတော့ သင့်လျော်တဲ့ ရွေးချယ်စရာ ဖြစ်လာခဲ့ပါတယ် ။ ဒါချည်းသက်သက်တော့ ကျွန်တော် မထင်ပါဘူး ။ ဒါက ခင်ဗျား ရှေ့ဆက် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အရာနဲ့ ဆက်စပ်တဲ့ တကယ့် အတွေးအခေါ် ယူဆချက်တွေ ရှိမရှိနဲ့ သက်ဆိုင်ပါတယ် ။ ”
” သူ ပြောခဲ့တဲ့ အထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အရာ တခုက လူငယ် ကစားသမားတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း ခက်ခဲတဲ့ ဆုံးဖြတ်ချက် ချရတယ် ဆိုတာပါပဲ ။ ဘာလို့လဲဆိုတော့ နည်းပြ တယောက် အနေနဲ့ ခင်ဗျားဟာ အရာရာ အဆင်ပြေချောမွေ့အောင် လုပ်ဖို့ပဲ အရင်ဆုံး ကြိုးစားကြည့်ချင်တာကြောင့်ပါ ။ ”
” ဒါပေမယ့် အခုလို လူငယ် ကစားသမားတွေ တံခါး ဆောင့်ဖွင့်ဝင်လာတဲ့အခါ ခင်ဗျား အနေနဲ့ သူတို့ကို လွှတ်ပေးလိုက်ရုံပါပဲ ။ ဘာလို့လဲဆိုတော့ လူငယ် ကစားသမားတိုင်းက ဒီလို အဆင့်မျိုး တက်လှမ်းနိုင်မှာ မဟုတ်လို့ပါ ။ ”

” လွန်ခဲ့တဲ့ ၁၂လလောက်တုန်းက မိန်းနူး ၊ ဝါတန်နဲ့ ကိုးလ်ပါလ်မာတို့ဟာ ဂါရတ် ဆောက်ဂိတ်ရဲ့ ယူရို အတွက် ထိပ်တန်း ကစားသမား အယောက် ၄၀ စာရင်းမှာတောင် ပါခဲ့မှာ မဟုတ်ဘူး ဆိုတာ ကျွန်တော် ယုံကြည့်ပေယ့် ၊ အခုတော့ သူတို့ဟာ အဓိက သော့ချက် ကစားသမားတွေတောင် ဖြစ်သွားနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR