
တမြန်နေ့ညက ကစားသွားတဲ့ ယူရို ၂၀၂၄ အုပ်စု C မှ အင်္ဂလန် – ဆလိုဗေးနီးယား အုပ်စု နောက်ဆုံးပွဲဟာ ဂိုးမရှိ သရေနဲ့ ပျင်းရိဖွယ် ပြီးဆုံးခဲ့တာကြောင့် ၊ ပွဲသုံးသပ်သူတွေဟာ ရလဒ် ၊ အသင်းလိုက် စွမ်းဆောင်ရည်ထက် တဦးချင်း အရည်အသွေးတွေ အပေါ် အဓိက ထောက်ပြသွားကြတာကို တွေ့ရပါတယ် ။
အထူးသဖြင့် လူစားဝင် လူငယ် ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ကော်ဘီ မိန်းနူး ၊ ကိုးလ်ပါလ်မာနဲ့ အန်သိုနီ ဂေါ်ဒွန်တို့ဟာ ပွဲရလဒ်ကို ထူးထူးခြားခြား မပြောင်းလဲပေးနိုင်ခဲ့ပေမယ့် ၊ အင်္ဂလန်ရဲ့ တိုက်စစ် ကစားဟန်ကို အတိုင်းအတာ တရပ် အထိ ပြောင်းလဲစေခဲ့ပြီး ၊ ချီးကျူးမှုတွေလည်း အတော်အသင့် ရခဲ့ကြပါတယ် ။

အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ ထိုပွဲ အတွက် ပွဲထွက်စာရင်းမှာ ကွင်းလယ် တနေရာသာ အပြောင်းအလဲ လုပ်ခဲ့ပြီး ၊ ကျန်နေရာတွေမှာ ရှေ့၂ပွဲက အတိုင်း လူစာရင်းကိုပဲ ဆက်လက် သုံးခဲ့ပါတယ် ။
ပထမဆုံး ယူရို ပွဲထွက်ခွင့် ရခဲ့တဲ့ ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂေါ်လဂါဟာ ခြေစွမ်း မဆိုးရွားခဲ့ပေမယ့် ၊ တိုက်စစ် အတွက် ပံ့ပိုးမှုတွေ လုံလုံလောက်လောက် မလုပ်နိုင်ခဲ့တာကြောင့် ဆောက်ဂိတ်မှ ဒုတိယပိုင်း စစချင်း ၎င်းနေရာမှာ မိန်းနူးနဲ့ လူစားလဲပစ်ခဲ့ပါတယ် ။
အာဆင်နယ် ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှီးယားကတော့ သူသာဆိုရင် ကနဦးမှာကတည်းက ဂေါ်လဂါထက် မိန်းနူးနဲ့ပဲ ပွဲထွက်မှာ ဖြစ်ပေမယ့် ၊ ဆောက်ဂိတ်မှ ယင်းချဲလ်ဆီးကြယ်ပွင့်ကို ပထမပိုင်း တပိုင်းသာ သုံးခဲ့ခြင်းဟာ ယုံကြည်မှု ထိခိုက်စေမယ့် အကြောင်း The Sun နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ဝေဖန်သွားပါတယ် ။

ဝီလ်ရှီးယား က ” အင်္ဂလန် ကွင်းလယ်မှာ ထရန့် အလက်ဇန္ဒား အာနိုးကို ကော်ဘီ မိန်းနူးနဲ့ အစားထိုးဖို့ ဆိုတာ ကျွန်တော် အမြဲ ထောက်ပြနေခဲ့တဲ့ အရာ တခု ဖြစ်ပါတယ် ။ ဒါကို ဒီညပွဲက ဒုတိယပိုင်းမှာ ပြသသွားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”
” ဒါပေမယ့် ပထမပိုင်း အပြီး လူစားလဲခံခဲ့ရတဲ့ ကော်နာ ဂေါ်လဂါဖက်က ကြည့်ရင်တော့ ပြင်းထန်လွန်းတယ်လို့ ကျွန်တော် ခံစားနေရဆဲပါ ။ ပထမဆုံး အနေနဲ့ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်တို့ရဲ့ ဒီပြိုင်ပွဲ တလျှောက် အကောင်းဆုံး ပထမပိုင်း စွမ်းဆောင်ရည် ဖြစ်ခဲ့လို့ပါ ။ ”
” ဒုတိယ အချက် အနေနဲ့ကတော့ ဒါက ဂါရတ် ဆောက်ဂိတ် လုပ်လေ့လုပ်ထ မရှိတဲ့ အရာ တခုလို့ ခံစားမိတာကြောင့်ပါ ။ ဒါဟာ ဂေါ်လဂါရဲ့ ယုံကြည်မှုကို ထိခိုက်စေမှာ သေချာပါတယ် ။ သူကတော့ ဒါဟာ သူ့အတွက် အခွင့်အရေးလို့ တွေးခဲ့မှာ ဖြစ်ပေမယ့် ၊ ပွဲချိန် တဝက်ပဲ သူ ကစားခွင့် ရခဲ့ပါတယ် ။ ”

” ဒီလို ပြောနေပေမယ့် ၊ ရလဒ်က စိတ်ပျက်ဖွယ် ဖြစ်လင့်ကစား ၊ ဒုတိယပိုင်းက ပိုကောင်းခဲ့ပြီး ၊ မိန်းနူးက သူဟာ အနာဂတ်မှာ အဲဒီ ကွင်းလယ် တနေရာ အတွက် အားထားရမယ့် ကစားသမား တယောက် ဆိုတာ သက်သေပြခဲ့ပါတယ် ။ ”
” သူဟာ အသက် ၁၉နှစ် အရွယ်သာ ရှိသေးပေမယ့် ၊ ပွဲအကြောင်း ကောင်းကောင်း နားလည်ပြီး ၊ ဘာလိုအပ်လဲ ဆိုတာ ကောင်းကောင်းသိပါတယ် ။ သူဟာ ဂေါ်လဂါထက်လည်း ဘောလုံးနဲ့ အတူ ကစားတာ ပိုကောင်းတာကြောင့် ဒက်ကလန်ရိုက်စ်ကို ဒုတိယပိုင်းမှာ တိုက်စစ် ပိုလိုက်ပါစေနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR