
အလန်ရှီးယားရားက ဂါရက်ဆောက်ဂိတ် အနေနဲ့ ဆလိုဗက်ကီးယားနဲ့ ယူရို ရှုံးထွက်ပွဲစဉ်မှာ သူ့ရဲ့ အသင်းကို အပြောင်းအလဲ ၃ ခု မဖြစ်မနေ လုပ်သွားရလိမ့်မယ်လို့ ထောက်ပြသွားခဲ့ပါတယ်။ အင်္ဂလန်ဟာ အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့်ကို တက်လာခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်းအရ ဝေဖန်မှုတွေ များစွာ ရရှိနေပါတယ်။
ဆလိုဗေးနီးယားနဲ့ နောက်ဆုံးပွဲစဉ်မှာ ဆိုရင်လည်း လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ ကိုဘီမိုင်နူး ၊ ကိုးလ်ပါးလ်မား တို့ ဝင်လာပြီးနောက်ပိုင်းမှသာ ကစားပုံက ကောင်းလာခဲ့တာပါ။ မိုင်နူးနဲ့ ပါးလ်မား တို့ကို လာမည့်ပွဲစဉ်မှာ ပွဲထွက်ခွင့်ပေးရန် တောင်းဆိုမှုတွေ မြင့်မားနေပြီး ပွဲပြီးခါနီးမှ ဝင်လာခဲ့တဲ့ ဂေါ်ဒွန်ကတောင် ဆာကာ ဖိုဒန် ကိန်း တို့ထက် ပွဲအပေါ် ပိုမို သက်ရောက်မှု ပေးနိုင်ခဲ့ပါတယ်။

အလန်ရှီးယားရား ကတော့ အင်္ဂလန် အနေနဲ့ တောင်ပံနဲ့ ကွင်းလယ်ပိုင်းမှာ ဒီထက် ကစားအားကောင်းစေဖို့ အတွက် မိုင်နူး ပါးလ်မား ဂေါ်ဒွန် တို့ကို လာမည့်ပွဲစဉ်မှာ အသုံးပြုသင့်တယ်လို့ မှတ်ချက်ပေးလိုက်ပြီး ဆောက်ဂိတ် အနေနဲ့ ပြီးခဲ့တဲ့ပွဲတုန်းကလည်း ပါးလ်မား နဲ့ ဂေါ်ဒွန် တို့ကို ဒီထက်စောစော လူစားဝင်ကစားစေသင့်တယ်လို့ ဆိုသွားပါတယ်။
ရှီးယားရားက “ဆောက်ဂိတ်ဟာ ဒုတိယပိုင်းမှာ မိုင်နူးကို လူစားဝင်ကစားစေခဲ့ပါတယ်။ အခြား လူစားဝင် ကစားသမား ၂ ဦးကိုတော့ လူစားလဲတာ နောက်ကျလွန်းသလို ခံစားရပါတယ်။ ဒါပေမယ့် ဒီ ၃ ဦးစလုံးဟာ အင်္ဂလန်တို့ လိုအပ်နေတဲ့ သက်ရောက်မှုကို ပေးနိုင်ခဲ့ကြပါတယ်။ မိုင်နူးဟာ တကယ့်ကို ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ သူ ကွင်းလယ်ကို ဝင်လာပြီးနောက် ဒီနေရာမှာ လုံးဝကို ခြားနားတဲ့ အရာကို ပေးခဲ့ပါတယ်။ ဘောလုံးကို အမြန်ပြန်လည် ရယူကာ ဘောလုံးကို လက်ခံရယူနိုင်တဲ့ နေရာလွတ်တွေ ဖန်တီးခဲ့ပါတယ်။
ညာခြမ်းမှာ လူစားဝင်လာခဲ့တဲ့ ပါးလ်မား ကလည်း တကယ့်ကို ကောင်းခဲ့ပါတယ်။ သူဟာ ကြီးမားတဲ့ သက်ရောက်မှုကို ပေးခဲ့ပြီး သူ့ရဲ့ ရွေ့လျားမှု နဲ့ ဘောလုံးကိ ယုံကြည်ချက်ရှိရှိ ကိုင်ကစားပုံက တကယ်ကောင်းပါတယ်။ ပထမ ၂ ပွဲမှာ အင်္ဂလန်ရဲ့ ပေါင်းစပ် ကစားမှုတွေကို သိပ်ပြီး မမြင်ခဲ့ရပါဘူး။ ပါးလ်မား ဝင်မလာမီအထိ ဒါကို ကျနော်တို့ မမြင်ခဲ့ရတာ သေချာပါတယ်။

သူဟာ အကွက်မြင်မြင်နဲ့ forward pass တွေကို ပေးပို့ခဲ့တာ မြင်နိုင်ပါတယ်။ ပွဲပြီးခါနီး ၃ မိနစ် အလိုမှာ ဂေါ်ဒွန် ဝင်လာခဲ့ပြီး ဒီ ၃ ဦးစလုံးဟာ ကောင်းကောင်း ချိတ်ဆက် ကစားနိုင်ခဲ့ပါတယ်။ အဖွင့်ပွဲ ၂ ပွဲမှာ သူတို့ရဲ့ ဘယ်ခြမ်း တိုက်စစ်နဲ့ ပက်သက်ပြီး ဘာတစ်ခုမှ မမြင်ခဲ့ရပေမယ့်လည်း သူ ဝင်ကစားခဲ့တဲ့ ၃ ၄ မိနစ်မှာ ကျနော်တို့ အဲဒီ ၂ ပွဲကထက် အများကြီး ပိုမြင်ခဲ့ပါတယ်။
ဂါရက် အနေနဲ့ လာမည့် ပွဲစဉ်မှာ အပြောင်းအလဲတွေ လုပ်သွားရတော့မယ် ဆိုတာ ကတော့ လုံး၀ သံသယ ဖြစ်စရာ မရှိပါဘူး။ အထူးသဖြင့် ဘယ်ခြာ တောင်ပံ ၂ ဘက် နဲ့ ကွင်းလယ်ပိုင်းက တစ်နေရာမှာ ဖြစ်ပါတယ်။”