Sports Myanmar

ယူရို ၂၀၂၄ အတွင်း ကစားခွင့် ပြန်မရနိုင်တော့မယ့် အင်္ဂလန် စတားရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ဒီဒီဟာမန်း

အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှ အုပ်စု ပွဲစဉ်တွေ အပြီး ဝေဖန်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ် ။ ပွဲရလဒ်တွေ အပြင် ၊ ကွင်းတွင်း အသင်းလိုက်နဲ့ တဦးချင်း စွမ်းဆောင်ရည် ဆိုးဆိုးရွားရွား အနုတ်ပြနေတာကြောင့် ဆောက်ဂိတ် အပေါ် ပရိသတ်တွေက ဒေါသပုန်ထနေကြတာ ဖြစ်ပါတယ် ။

၃ပွဲ ကစား ၊ ရမှတ် ၅မှတ် ရခဲ့ပေမယ့် ၊ ၂ဂိုးသာ သွင်းနိုင်ခဲ့တဲ့ အနေအထားဟာ ကြောက်ခမန်းလိလိ ကစားသမား အင်အား ပိုင်ဆိုင်ထားတဲ့ အင်္ဂလန် အဖို့ ဘယ်လိုမှ လက်ခံလို့ မရနေပဲ ၊ ၁၆သင်း ရှုံးထွက်အဆင့်မှာ အများကြီး တိုးတက်ပြောင်းလဲအောင် လုပ်ပြဖို့ လိုနေပါတယ် ။

ဆောက်ဂိတ်ဟာ ယင်းအုပ်စု ၃ပွဲအတွင်း ကွင်းလယ်နဲ့ တိုက်စစ် အခင်းအကျင် အတွက် အဓိက ဝေဖန်ခံရပြီး ၊ နာမည်ကြီး စတား တချို့ကို အရန်ခုံ ပို့မယ့် အစား ၊ အံမဝင်တဲ့ ကွင်းလယ်မှာ တနေရာတည်း ကစားသမား အစားထိုးမှု လုပ်နေတာကို တွေ့ရပါတယ် ။

လီဗာပူး ကစားသမားဟောင်း ဒီဒီဟာမန်းကတော့ ဆောက်ဂိတ်ဟာ အင်္ဂလန်ရဲ့ အဓိက ပြဿနာ မဟုတ်တဲ့ ချဲလ်ဆီး ကြယ်ပွင့် ကော်နာ ဂေါ်လဂါကို လွယ်ကူတဲ့ ပစ်မှတ် အဖြစ်နဲ့ သဘောထားကာ လူစားလဲခဲ့ကြောင်း ဝေဖန်ရင်း ၊ လက်ကျန် ပြိုင်ပွဲ တလျှောက်မှာ ဂေါ်လဂါကို ကွင်းထဲမှာ မြင်တွေ့ရဖို့ မရှိတော့ကြောင်း သုံးသပ်သွားပါတယ် ။

RTE သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ဟာမန်း က ” ခင်ဗျားဟာ ဒီလို နာမည်ကြီး ကစားသမားတွေကို ဆက်သုံးပြီး ၊ သူတို့ မစွမ်းဆောင်ပြနိုင်တာကို ရှင်းရှင်းလင်းလင်း မြင်ရရင်တော့ သူတို့ကို အရန်ခုံ ပို့ဖို့ အကြောင်း ပေါ်လာပါပြီ ။ ဖိုဒန် ၊ ဘယ်လင်ဂမ်နဲ့ ကိန်းတို့ကို အရန်ခုံ ပို့ဖို့ အကြောင်း ဖန်လာပါပြီ ။ ”

” မန်နေဂျာ တယောက် အနေနဲ့ ခင်ဗျားဟာ တသင်းလုံးဆီက လေးစားမှုကို လိုချင်ရင်တော့ ခင်ဗျားဟာ ဒီလို နာမည်ကြီး စတားတွေကို ထိန်းကျောင်းပြနိုင်ရပါမယ် ။ နာမည် သိပ်မရှိတဲ့ ကောင်လေးတွေကိုပဲ ဆရာလုပ်နေမယ်ဆိုရင် လူတွေက ခင်ဗျား အပေါ် လေးစားမှာ မဟုတ်ပါဘူး ။ ”

” သူ့ ( ဆောက်ဂိတ် ) အနေနဲ့ ဒီထဲက တယောက်ယောက်တော့ ဖယ်ထုတ်မှ ရပါမယ် ။ ဒါမှမဟုတ် ဘယ်လင်ဂမ်ကို ကွင်းလယ် အတွင်း နည်းနည်းကျတဲ့ဖက်ကို ပို့ရပါမယ် ။ ဒါပေမယ့် သူ ဒီလို လုပ်ချင်မှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ အကြောင်း တခုခုကြောင့် ဘယ်လင်ဂမ်ဟာ ကိန်း အနောက်မှာပဲ ကစားရမယ် ဆိုပြီး သူ တွေးထားတာမို့ပါ ။ ”

” သူတို့ ၂ယောက်ထဲက တယောက်ကို သူ ချန်လိုက်ရင် ပါလ်မာ ၊ ဂေါ်ဒွန် ၊ အက်ဇေးတို့ကို အစားထိုးဖို့ အခွင့်အရေး ရလာပါမယ် ။ ခင်ဗျားမှာ ကစားသမားကောင်းတွေ အများကြီး ရှိနေပါတယ် ။ ဂျရော့ဒ် ဘိုဝမ်ဆို ပြီးခဲ့တဲ့ တပတ်ကပဲ လူစားဝင်လာပြီး ကိန်းအတွက် ဂိုးသွင်းခွင့် ဖန်တီးပေးသွားခဲ့ပါတယ် ။ အခုတော့ သူ ဒါကို မလုပ်တော့ပြန်ပါဘူး ။ ”

” ဂေါ်လဂါက ပြဿနာ မဟုတ်နေသလို ၊ ဟုတ်လည်း မဟုတ်ခဲ့ပါဘူး ။ သူဟာ ဒီအင်္ဂလန် အသင်းရဲ့ အဓိက ပြဿနာ မဟုတ်ပါဘူး ။ အခုတော့ အရမ်း နောက်ကျသွားပါပြီ ။ ခင်ဗျားဟာ နာမည် သိပ်မရှိတဲ့ ကစားသမားတွေကိုပဲ ဆရာလုပ်နေတော့ မန်နေဂျာ တယောက် အဖြစ်နဲ့ ခင်ဗျားရဲ့ ပုံရိပ်က မကောင်းတော့ပါဘူး ။ ဒါမျိုး ဒီပြိုင်ပွဲမှာ သူ ပြုမူနေတာပါ ။ ”

” သူဟာ ပထမတော့ ထရန့် အလက်ဇန္ဒား အာနိုးကို ကွင်းလယ်ကနေ အရင်ထုတ်ခဲ့ပါတယ် ။ သူက ရှင်းထုတ်ရ လွယ်ကူတဲ့ ပစ်မှတ် တခုပါ ။ နောက်တော့ ဂေါ်လဂါကို ပထမပိုင်းအပြီး လူစားလဲခဲ့ပါတယ် ။ အခုတော့ ကျွန်တော်တို့ဟာ ဂေါ်လဂါကို ဒီပြိုင်ပွဲ တလျှောက်လုံး တွေ့ရတော့မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar