Sports Myanmar

ချဲလ်ဆီး စတား တဦးကို ယူရို ၂၀၂၄ သို့ မခေါ်ဆောင်ဖို့ ဆောက်ဂိတ် ဆုံးဖြတ်ခဲ့တဲ့ အပေါ် အံ့သြမိတဲ့ ဝိန်းရူနီ

 

အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ လက်ရှိ ဂျာမနီမှာ ကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲသို့ ဘယ်နောက်ခံလူ စင်စစ် တဦးတည်းသာ ခေါ်ဆောင်လာပြီး ၊ အဲဒီ ဘယ်နောက်ခံလူ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် စတား လုခ်ရှောကလည်း ဒဏ်ရာ ရနေကာ ၊ ကြံ့ခိုင်မှု ပြန်ပြည့်ဖို့ မလွယ်တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပါတယ် ။

ဆောက်ဂိတ်ဟာ အုပ်စု ၃ပွဲ အတွင်း ဘယ်နောက်ခံလူ နေရာမှာ နယူးကာဆယ် ဝါရင့် ညာနောက်ခံလူ ကီရန် ထရစ်ပီယာကိုသာ ဆက်တိုက် ပွဲထုတ်ခဲ့ကာ ၊ နောက်ဆုံး ကစားခဲ့တဲ့ ဆလိုဗေးနီးယားနဲ့ ပွဲရဲ့ ဒုတိယပိုင်းမှာ ကိုင်လ်ဝေါ်ကာကို ညာခြမ်းကနေ ဘယ်ခြမ်းသို့ ပြောင်းရွှေ့ ကစားစေခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ ဘယ်နောက်ခံလူ အဖြစ် ခြေစွမ်း ပြနိုင်ခဲ့တဲ့ အင်္ဂလန် စတား အတော်ရှားခဲ့ပေမယ့် ၊ ခရစ်စတယ် ပဲလေ့စ်နဲ့ အထူး စွမ်းဆောင်ပြခဲ့တဲ့ တိုင်ရစ်ခ် မစ်ချယ်နဲ့ ရာသီသိမ်းခါနီးမှာ ဒဏ်ရာက ပြန်ကောင်းလာတဲ့ ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန်ချေဝဲလ်တို့ကို ဆောက်ဂိတ် တယောက် ယူရို ၂၀၂၄ သို့ မခေါ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

အထူးသဖြင့် ချေဝဲလ်ဟာ ဥရောပ အတွေ့အကြုံ ရှိတဲ့ အပြင် ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲမှာလည်း ပါဝင်ခဲ့ဖူးတာကြောင့် မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး ဝိန်းရူနီက ဆောက်ဂိတ်မှ ချေဝဲလ်ကို မရွေးခဲ့တဲ့ အပေါ် အံ့သြမိကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

BBC ရဲ့ Football Daily Podcast နဲ့ တွေ့ဆုံရာမှာ ရူနီ က ” ဘန်ချေဝဲလ် အရွေးမခံခဲ့ရတာ ကျွန်တော် တော်တော်လေး အံ့သြခဲ့မိသလို ၊ ရှော့ခ်လည်း ရခဲ့မိပါတယ် ။ ဘာလို့လဲဆိုတော့ သူ့လို ဘယ်ခြေသန်တဲ့ ကစားသမား တယောက်ကို အသင်းရဲ့ ဟန်ချက် အတွက် ပိုင်ဆိုင်ရမှာမို့ပါ ။ ”

” ခင်ဗျားဟာ ချဲလ်ဆီးက ကစားသမား တယောက် အကြောင်း ပြောနေတာ ဖြစ်ပါတယ် ။ သူဟာ အင်္ဂလန် အတွက် အရင်တုန်းက တကယ်ကောင်းခဲ့ပါတယ် ။ သူဟာ ဘယ်နောက်ခံလူကောင်း တဦး ဖြစ်သလို ၊ ဒီလို ပြိုင်ပွဲမျိုးတွေမှာ ပါဝင်ဆင်နွှဲခဲ့ဖူးပါတယ် ။ ”

” ဒီတော့ သူ အရွေးမခံခဲ့ရတာ ကျွန်တော် အမှန်တကယ် အံ့သြမိပါတယ် ။ အခုတော့ ခင်ဗျားဟာ ဘယ်နောက်ခံလူ နေရာ အတွက် ထရစ်ပီယာနဲ့ ဂျိုးဂိုမက်ဇ်တို့ထဲကပဲ ရွေးဖို့ ကျန်ပါတော့တယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ရူနီ က လက်ရှိ ဘယ်ခြမ်း ခံစစ် အတွက် ရွေးချယ်စရာနဲ့ ပတ်သက်ကာ ” ကျွန်တော်ကတော့ လောလောဆယ်မှာ ဘယ်နောက်ခံလူ နေရာ အတွက် ထရစ်ပီယာနဲ့ ဂိုမက်ဇ်ထဲကပဲ ရွေးလို့ ရမယ်လို့ ထင်ပါတယ် ။ ဒါမှမဟုတ် ကိုင်လ် ( ဝေါ်ကာ ) ကို ခင်ဗျား ဖက်ပြောင်းပြီး ဆော့ခိုင်းမှာလား ? ”

” ကျွန်တော့ အတွက်တော့ သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကမ္ဘာ့ အကောင်းဆုံး ညာနောက်ခံလူ ဖြစ်တာကြောင့် အင်္ဂလန်မှာ သူ့ကို အကောင်းဆုံး ကစားပေးနိုင်တဲ့ နေရာကနေ ခင်ဗျား ဖယ်ရှားမှာလား ? ဒီရှုထောင့်က ကြည့်ရင် ဟန်ချက် မညီမျှခြင်းတွေနဲ့ မေးခွန်းများစွာ ရှိနေပါတယ် ။ ”

” ကျွန်တော့ အတွက်တော့ အင်္ဂလန်ရဲ့ ဘယ်ခြမ်းက နည်းနည်း အခက်ကြုံနေပါတယ် ။ ဒါက သူ ( ဆောက်ဂိတ် ) ဘာလုပ်မလဲ ဆိုတာ ကျွန်တော် မသိတဲ့ ဧရိယာ တခု ဖြစ်ပါတယ် ။ လာမယ့်ပွဲမှာ ဂါရတ် ဆောက်ဂိတ် ဘာလုပ်ပြမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar