
ဂျာမနီ လက်ရွေးစင် အသင်း နည်းပြ နေဂယ်လ်စ်မန်း က ရှူံးထွက် အဆင့် ပွဲစဉ်မှာ အာဆင်နယ် အသင်း ရဲ့ကြယ်ပွင့် ဟားဗတ်ဇ် ကို ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ဖို့ ပြောကြားနေမှုတွေ အပေါ် တုန့်ပြန် ပြောကြား လိုက်ပါတယ် ။
အိမ်ရှင် ဂျာမနီ အသင်းဟာ ဒီနှစ် ယူရိုပြိုင်ပွဲမှာ ၃ ပွဲ ကစား ၂ ပွဲ နိုင် ၊ ၁ ပွဲ သရေ ရလဒ် နဲ့ အတူ အုပ်စုဗိုလ် အဖြစ်နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက် လာခဲ့တာ ဖြစ်ပြီး ဒိန်းမတ် အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

ဟားဗတ်ဇ် ဟာ စကော့တလန် အသင်း နဲ့ ကစားခဲ့တဲ့ ဂျာမနီ အသင်း ရဲ့ အဖွင့် ပွဲစဉ်မှာ ဂိုးသွင်း နိုင်ခဲ့သူ ဖြစ်ပြီး ဟန်ဂေရီ နဲ့ ပွဲမှာရော ဆွစ်ဇာလန် နဲ့ ပွဲမှာတော့ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး ။ အသက် ၂၅ နှစ် အရွယ် ဟားဗတ်ဇ် ဟာ မနှစ်က အာဆင်နယ် အတွက် ခြေစွမ်းပြ ကစား နိုင်ခဲ့ပေမယ့် လက်ရှိ ယူရို ပြိုင်ပွဲမှာတော့ ဝေဖန်မှု အချို့နဲ ရင်ဆိုင် နေရပါတယ် ။
ဘောလုံး ဝေဖန်သုံးသပ်သူတွေက ဟားဗတ်ဇ် နေရာမှာ ဒေါ့မွန် အသင်း နဲ့ အတူ ချန်ပီယံလိဂ် ဖိုင်နယ် ရောက်ခဲ့ပြီး ယူရိုမှာလည်း နှစ်ဂိုး သွင်းထားတဲ့ ဖူးခရပ် ကို ပွဲထွက် အသုံးပြုဖို့ တိုက်တွန်း နေကြပါတယ် ။

ဂျာမနီ လက်ရွေးစင် အသင်း နည်းပြ နေဂယ်လ်စ်မန်း ကတော့ ဟားဗတ်ဇ် နေရာမှာ ဖူးခရပ် ကို အသုံးပြုဖို့ အကြံပေးမှုတွေ အပေါ် ” အပြင်ကလူတွေ ဖူးခရပ်ကို အသုံးပြုဖို့ တိုက်တွန်း ကြတဲ့ အပေါ် နားလည်ပါတယ် ။ ဟားဗတ်ဇ် က ကျ ဝေဖန်မှုတွေ ခံရနေတာပေါ့ ။ ဟားဗတ်ဇ် က ပွဲအတွင်းမှာ တခြားသူတွေ အတွက် နေရာလွတ်တွေ ရှာပေးတဲ့ ကစားသမားပါ ၊ သူက အဲ့ဒီအရာကို ထူးထူးချွန်ချွန်နဲ့ကို ကောင်းကောင်း လုပ်နိုင်စွမ်း ရှိပါတယ် ။ ”
” ကျနော်တို့ အသင်းအတွင်းမှာတော့ ဟားဗတ်ဇ် က တကယ့် အဆင့်မြင့်တဲ့ ကစားသမားလို့ မှတ်ယူ ထားပါတယ် ။ တိုက်စစ်မှူး တစ်ဦး ရဲ့ တာဝန်က အမြဲ ဂိုးတွေချည်း သွင်းနေဖို့ မဟုတ်ပါဘူး ၊ ဖူလီ က တိုက်စစ်မှုးကောင်း တစ်ဦးပါ ၊ ဒါပေမဲ့ ကိုင်က ကျနော်တို့ အတွက် တကယ့်ကို အရေးပါတဲ့ ကစားသမားပါ ၊ ဒိန်းမတ် နဲ့ ပွဲမှာ ဘယ်သူ ပွဲထွက်မလဲ စောင့်ကြည့်ကြပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM