
ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ကိုးလ်ပါလ်မာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး ပါဝင်ပတ်သက်မှု အများဆုံး ကစားသမား ၊ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်ခဲ့တာကြောင့် ၊ လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲသို့ ထိုက်ထိုက်တန်တန် သွားရောက်ခွင့် ရထားပါတယ် ။
သို့ပေမယ့် ပါလ်မာဟာ အုပ်စု ၃ပွဲ အပြီး အင်္ဂလန် အတွက် တပွဲမှ ပွဲမထွက်ရသေးပဲ ၊ နောက်ဆုံး ကစားခဲ့တဲ့ ဆလိုဗေးနီးယားနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲမှာမှ လူစားဝင်ခွင့် မိနစ် တချို့ စတင် ရရှိခဲ့တာ ဖြစ်ပါတယ် ။

ထိုပွဲမှာ အင်္ဂလန်ဟာ ဂိုးသွင်းဖို့ထက် အခွင့်အရေး လုံလုံလောက်လောက် ဖန်တီးနိုင်ပင် အတော်လေး ရုန်းကန်နေခဲ့ရတာကြောင့် ၊ နည်းပြဖြစ်သူ ဂါရတ် ဆောက်ဂိတ်ဟာ ကိုးလ်ပါလ်မာ ၊ အန်သိုနီ ဂေါ်ဒွန်တို့လို ယူရို ကစားခွင့် ပထမဆုံး အကြိမ် ရခဲ့တဲ့ ကစားသမားတွေကို လူစားလဲခဲ့ရတာ ဖြစ်ပါတယ် ။
အသက် ၂၂နှစ် အရွယ်ရှိ ပါလ်မာဟာ ထိုပွဲမှာ မိနစ် ၂၀ ဝန်းကျင်သာ လူစားဝင်ခဲ့ရပေမယ့် ၊ အင်္ဂလန် တိုက်စစ်ကို လှုပ်ခတ်မှု အတော်လေး ပေးခဲ့ပြီး ၊ ကိုယ်တိုင် ဂိုးသွင်းနိုင်ဖို့လည်း နီးစပ်ခဲ့ပါတယ် ။ သို့ပေမယ့် ယနေ့ည ဆလိုဗက်ကီးယားနဲ့ ၁၆သင်း ရှုံးထွက်အဆင့် ပွဲမှာ ပါလ်မာဟာ ပွဲထွက်စာရင်းကနေ ဆက်လက် ချန်လှပ်ခံရဦးမယ်လို့လည်း သတင်းတွေ ထွက်ထားပါတယ် ။
ပြီးခဲ့တဲ့ အင်တာဗျူး တခုမှာ ပါလ်မာက ဘူကာယို ဆာကာ ၊ ဖီးလ်ဖိုဒန်နဲ့ ဂျုဒ်ဘယ်လင်ဂမ်တို့ ရှိနေတာကြောင့် ယူရိုမှာ ပွဲထွက်ခွင့် မရသေးတာ သူ နားလည်ပေးနိုင်ကြောင်း အခုလိုပဲ ပွင့်ပွင့်လင်းလင်း မှတ်ချက်ပြုသွားပါတယ် ။

ပါလ်မာ က ” ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေ ဘာတွေ ဘယ်လို ထင်မြင်ချက် ပေးနေကြလဲ ဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ် ။ လူတွေ အသုံးပြုစေချင်ကြတဲ့ ပွဲထွက်စာရင်း အမျိုးမျိုး ရှိနေပါတယ် ။ ဒီတော့ ဒါက ပုံမှန်ပါပဲ ။ ဒါတွေ မြင်တွေ့ရတာ ကောင်းပေမယ့် ၊ သူတို့ အပေါ်တော့ ဒီဆုံးဖြတ်ချက်တွေက မူမတည်နေဘူး မဟုတ်လား ? ”
” ကျွန်တော်ကတော့ အဆင်သင့်ပါပဲ ။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေက ကျွန်တော့ အပေါ်မှာ မူမတည်နေပါဘူး ။ ကျွန်တော့ အနေနဲ့ ကိုယ့်အလှည့် ကျမယ့် အချိန်ကို စောင့်ရုံပါပဲ ။ ကစားခွင့် ရတာနဲ့ ကျွန်တော် လုပ်နေကျ အရာတွေကို လုပ်ဖို့ ကြိုးစားသွားရုံပါ ။ ”
” နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ မိနစ် ၂၀စာလောက် လူစားဝင် ကစားခွင့် ရခဲ့လို့ ကျွန်တော် စိတ်လှုပ်ရှားခဲ့မိပြီး ၊ တခုခု လုပ်ပြနိုင်ဖို့ ၊ ဒါမှမဟုတ် ၊ ပွဲအပေါ် သက်ရောက်မှု တခုခု ပေးစွမ်းနိုင်မယ်လို့တောင် ထင်ခဲ့မိပါတယ် ။ ”

” ကျွန်တော် စိတ်မရှည်ဘူးလို့ ပြောမှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော့ရဲ့ ပထမဆုံး နိုင်ငံအသင်း ပြိုင်ပွဲ ဖြစ်တယ် ဆိုတာ ကျွန်တော် သိလို့ပါ ။ ခင်ဗျားဟာ ကျွန်တော် ကစားတဲ့ နေရာမှာ ဆာကာ ၊ ဖိုဒန် ၊ ဘယ်လင်ဂမ်တို့လို ကစားသမားတွေ ပိုင်ဆိုင်ထားလို့ ပွဲမထွက်ရသေးတာ နားလည်ပေးနိုင်ပါတယ် ။ ”
” ဒါပေမယ့် ကျွန်တော့ အနေနဲ့ လူစားဝင်ခွင့်လေးကနေဖြစ်ဖြစ် အသင်း အတွက် အထင်ကြီးမှု တခုခု ရှိအောင် လုပ်ဖို့ ကြိုးစားပေးချင်ရုံပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR