
မနေ့ညက ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ဂျော်ဂျီယာကို ဂိုးပြတ်အနိုင်ခဲ့ပြီးနောက် စပိန် နည်းပြ လူးဝစ်ဒီလာဖွန်တီက သူ့ရဲ့ အသင်းကို ယူရို ၂၀၂၄ မှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အဖြစ် စဉ်းစားသင့်ကြောင်း ပြောလိုက်ပါတယ်။ ဂျော်ဂျီယာဟာ နော်မန်ရဲ့ own goal နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း စပိန်ဟာ ရိုဒရီရဲ့ ချေပဂိုးနဲ့ ပထမပိုင်း မပြီးခင် ပြန်လည် ချေပနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ရူးအစ် ၊ ဝီလီယံ ၊ အော်လ်မို တို့ရဲ့ ဂိုးတွေနဲ့ အတူ ၄-၁ နဲ့ နိုင်ခဲ့ပါတယ်။

စပိန်ဟာ အခုဆိုရင် ကွာတားဖိုင်နယ်မှာ ဂျာမနီနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ဆီမီးတက်ခဲ့မယ်ဆိုရင်လည်း ပေါ်တူဂီ ဆလိုဗေးနီးယား ပြင်သစ် သို့မဟုတ် ဘယ်ဂျီယံ တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ စပိန်ဟာ ဒီပြိုင်ပွဲမှာ နိုင်ပွဲ ၁၀၀% ရထားတဲ့ တစ်ခုတည်းသော အသင်း ဖြစ်ပြီး ယူရိုမှာ အထူးခြေစွမ်းပြ ကစားလျက် ရှိနေပါတယ်။ စပိန် နည်းပြ ဒီလာဖွန်တီ ကတော့ သူဟာ ယူရို ၂၀၂၄ မှာ အကောင်းဆုံး အသင်းကို ကိုင်တွယ်နေတာ ဖြစ်တယ်လို့ ကြုံးဝါးလိုက်ပါတယ်။

ဂျော်ဂျီယာနဲ့ ပွဲအပြီးမှာ ဖွန်တီက “ဒီပွဲဟာ ၈-၁ ၊ ၉-၁ ဖြစ်သင့်ပါတယ်။ ရည်မှန်းချက် ကတော့ နောက်ထပ် နိုင်ပွဲ ရဖို့ ဖြစ်ပြီး ကျနော်တို့ဟာ ဂျာမနီလို အသင်းနဲ့ ကစားရမယ်ဆိုတာ သိပါတယ်။ အခြား ကစားသမားတွေကို လေးစားပေမယ့်လည်း ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်း အကောင်းဆုံး ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ ကျနော်တို့ သေချာပေါက် ဗိုလ်စွဲမယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဒီဖလား အတွက် တိုက်ပွဲဝင်သွားရမှာပါ။
အသင်းတိုင်းမှာ အားနည်းချက် ရှိပါတယ်။ ကျနော်တို့မှာလည်း အားသာချက် အားနည်းချက်ကတော့ ရှိနေပါတယ်။ ဂျာမနီဟာ အသင်းကောင်း ဖြစ်ပြီး တစ်ဦးချင်း အရည်အသွေးမြင့် ကစားသမားတွေနဲ့ ဖွဲ့စည်းထားကာ အသင်းလိုက် လုပ်အားကောင်းပါတယ်။ ကျနော်တို့ဟာ အရမ်းကို အနိုင်ယူရ ခက်ခဲပြီး အောင်မြင်မှုကို ဆာလောင်နေတဲ့ အရမ်း စုစည်းမှုကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရတော့မှာပါ။

ဒီပွဲဟာ အကြိတ်အနယ် ဖြစ်လာမှာပါ။ ပွဲကို အသေးစား အချက်အလက်တွေ ကပဲ ဆုံးဖြတ်သွားမှာပါ။ ကျနော်တို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပါတယ်။” လို့ ဆိုလိုက်ပါတယ်။