
ယမန်နေ့ညက ကစားသွားတဲ့ အင်္ဂလန် – ဆလိုဗက်ကီးယား ယူရို ၂၀၂၄ ၁၆သင်း ရှုံးထွက်အဆင့် ပွဲမှာ နာမည်ကြီး အင်္ဂလန်တို့ဟာ ပွဲပြီးခါနီး တမိနစ်သာသာပဲ လိုတော့တဲ့ အချိန်အထိ ၀ – ၁ နဲ့ ရှုံးနေခဲ့ရာကနေ ၊ ဘယ်လင်ဂမ်ရဲ့ ဒဏ္ဍာရီဆန်ဆန် နောက်ပြန်ကန်ချက် သွင်းဂိုးကြောင့် အချိန်ပို ၁၅မိနစ်စီ ထပ်ကစားခွင့် ရခဲ့ပါတယ် ။
အချိန်ပို ပထမပိုင်း စစချင်းမှာပဲ အင်္ဂလန်တို့ ရုတ်ချည်းဆိုသလို တိုက်စစ်မှူး ဟယ်ရီကိန်းဆီကနေ ဦးဆောင်ဂိုးပါ ရလိုက်တာကြောင့် ၊ ဒီ ၂ – ၁ ရလဒ်နဲ့ပဲ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပါတယ် ။ အုပ်စုကနေ ယခုအဆင့်အထိတော့ အင်္ဂလန်ရဲ့ ခြေစွမ်းက အားရစရာ လုံးဝ မရှိပေမယ့် ၊ ကိုယ့်အလုပ် ကိုယ်တော့ လုပ်နေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ အခိုက်အတန့် ၁ခု ၊ ၂ခုနဲ့ အင်္ဂလန်တို့ ယူရို ၂၀၂၄ ယှဉ်ပြိုင်ခွင့်ကို အသက်ဆက်သွင်းခဲ့ပြီးနောက် ၊ ချန်ပီယံဆုကိုပါ ဆွတ်ခူးသွားလိမ့်မယ်လို့ သူ့ရဲ့ ကိုယ်ပိုင် YouTube ချန်နယ် FIVE မှတဆင့် ခန့်မှန်း ပြောဆိုသွားပါတယ် ။
ဖာဒီနန် က ” ပြိုင်ပွဲ တခုမှာ ကိုယ့်အသင်း ချန်ပီယံ ဖြစ်တော့မယ် ဆိုတာ သိတဲ့ အချိန်အခါ တရပ် ဆိုတာ ရှိပါတယ် ။ ကျွန်တော်ကတော့ ဒါဟာ အဲဒီ အခိုက်အတန့်ပဲလို့ ထင်ပါတယ် ။ ကျွန်တော် တကယ် ထင်တာပါ ။ ဒီကနေ ထရိန်နင် camp ထဲ ပြန်တဲ့အခါ သူတို့ အောင်ပွဲခံကြမှာ ဖြစ်ပြီး ၊ ကံကောင်းရင် ဘီယာ နည်းနည်းပါးပါး သောက်ခွင့်ရပါလိမ့်မယ် ။ ”

” သူတို့ဟာ ကွာတားဖိုင်နယ်ကို တက်သွားပြီး ၊ မျက်နှာသာပေးတဲ့ဖက်ခြမ်းမှာ မဲကျတာပါ ။ ဒါက ကြယ်တွေပေါ်မှာ ရေးသားထားသလိုပါပဲ ။ ကျွန်တော်တို့ ဒီတကြိမ် ယူရိုမှာ ဗိုလ်စွဲတော့မှာပါ ။ ကျွန်တော် ကိုယ့်အသင်း အပေါ် အရမ်းကြီး မျှော်လင့်နေတာမျိုး ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ် ။ ”
” ဒါပေမယ့် ကျွန်တော် ဘာမှ ဂရုမစိုက်ပါဘူး ။ ကျွန်တော်ဟာ အင်္ဂလန် ပရိသတ် တယောက် ဖြစ်တာကြောင့် အခုလိုမျိုး စိတ်ကြီးဝင်နေတာပါ ။ ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပြီး ၊ ဒါကို တကယ်ပဲ နှစ်သက်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဖာဒီနန် က ” Wow! ဒါပေါ့ ကျွန်တော် ပြောနေတာ ။ နောက်ဆုံး မိနစ် သွင်းဂိုးတွေက ဒီအကြောင်းနဲ့ ပတ်သက်တာတွေချည်းပါပဲ ။ ကွင်းတွင်းက စိတ်လှုပ်ရှားသံတွေက အံ့သြဖွယ်ပါ ။ ကျွန်တော်တို့ဟာ ကွင်းထဲမှာ မိနစ် ၉၀လုံးလုံး ခြေမှိုင်လက်မှိုင် ဖြစ်နေခဲ့ကြတာပါ ။ ”
” လူတိုင်းဟာ ဂါရတ် ဆောက်ဂိတ်ကို မေးခွန်းထုတ်နေကြတဲ့အချိန်မှာ ဒီအလှည့်အပြောင်း ဖြစ်လာတာပါ ။ ဒါက skill အပေါ် မူတည်တယ်လို့ ကျွန်တော် မထင်ပါဘူး ။ ဒါက ပင်ကိုဟန်နဲ့ ဝိသသေ လက္ခဏာတွေပါ ။ ဒီအရာတွေက ခင်ဗျားကို ဆုဖလားတွေ ဆွတ်ခူးစေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အင်္ဂလန်ဟာ ကွာတားဖိုင်နယ်မှာ လက်ရှိ ချန်ပီယံ အီတလီကို ဖြုတ်လာတဲ့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ၊ ဒီပွဲနဲ့ ပတ်သက်ကာ ဖာဒီနန် က ” ဆွစ်ဇာလန်နဲ့က ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်လာပါလိမ့်မယ် ။ သူတို့ဟာ ဒီနေ့ ကျွန်တော်တို့ ကစားသွားတာထက် ပိုကောင်းပြီး ၊ ကျွန်တော်တို့ကို ဒီထက် ဒုက္ခ ပိုပေးနိုင်ပါတယ် ။

” ဆလိုဗက်ကီးယားဟာ ဒီညမှာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး ၊ သူတို့ဟာ တည်ဆောက်မှု ပိုပြီး ကျစ်လျစ်ပါတယ် ။ ဒါပေမယ့် ဒါက အင်္ဂလန်ဖက်က ပြသတဲ့ အရည်အသွေး နည်းနည်းလေးနဲ့ ပင်ကိုဟန် ပေါင်းစပ်ခြင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR