Sports Myanmar

ဆလိုဗက်ကီးယားနဲ့ ပွဲမှ သူ့ရဲ့ ဆုံးဖြတ်ချက် အပေါ် အင်္ဂလန် စတား တဦး မနှစ်မြို့ခဲ့ဘူးလို့ ဝန်ခံလာတဲ့ ဆောက်ဂိတ်

 

အင်္ဂလန် အသင်းဟာ မနေ့ညက ကစားသွားတဲ့ ယူရို ၂၀၂၄ ၁၆သင်း ရှုံးထွက်အဆင့်မှာ ဆလိုဗက်ကီးယား အသင်းကို အသည်းအသန် ယှဉ်ပြိုင်ခဲ့ရကာ ၊ နာကျင်အချိန်ပို နောက်ဆုံး မိနစ်က ဂျုဒ်ဘယ်လင်ဂမ်ရဲ့ နောက်ပြန်ကန်ချက်ကြောင့် ဒဏ္ဍာရီဆန်ဆန် ချေပဂိုး ရခဲ့သလို ၊ ၁၅မိနစ် အချိန်ပို ပထမပိုင်း စစချင်း ဟယ်ရီကိန်းရဲ့ ခေါင်းတိုက် အနိုင်ဂိုးကြောင့် ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားပြီ ဖြစ်ပါတယ် ။

အင်္ဂလန်ရဲ့ ဒီအနိုင်ရလဒ် အတွက် အခရာကျခဲ့သူတွေထဲမှာ လူစားဝင် ကစားသမားတွေက တစိတ်တပိုင်း အဖြစ်နဲ့ ပါဝင်ပါတယ် ။ အထူးသဖြင့် ဘယ်လင်ဂမ်ရဲ့ ချေပဂိုး မတိုင်မီ လူစားဝင်လာခဲ့တဲ့ ဘရန်းဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီဟာ ကိန်းရဲ့ ဂိုးအတွက် လှပတဲ့ ခေါင်းတိုက် ဖန်တီးမှု လုပ်ပေးခဲ့ပါတယ် ။

အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် က ပွဲပြီး အင်တာဗျူးမှာ တိုနီကို ပွဲသိမ်းခါနီးမှ လူစားလဲဖြစ်ခဲ့တဲ့ အပေါ် ” ဒါက ထူးဆန်းချင် ထူးဆန်းပါလိမ့်မယ် ။ ဒါပေမယ့် ဒီညက ကျွန်တော်တို့ရဲ့ ဒီပြိုင်ပွဲ အဆုံးသတ် ဖြစ်လာမယ်လို့ တစက်မှ ကျွန်တော် မခံစားခဲ့ရပါဘူး ။ ”

” အဝေးပစ် လက်ပစ်ဘောတွေမှာတောင် ခင်ဗျားဟာ မျှော်လင့်ချက် ရှိသေးတယ်လို့ ခံစားခဲ့ရမှာပါ ။ ကျွန်တော်တို့ဟာ အချိန်မရွေး ဖရိုဖရဲ ဖြစ်အောင် လုပ်နိုင်သလို ၊ အခြေအနေ တခုခုက ဖြစ်ချလာမယ်လို့ ခံစားခဲ့ရတာပါ ။ အဲဒီ ( ဂျုဒ်ဘယ်လင်ဂမ် ) အဆုံးသတ်မျိုးအထိ မှော်ဆန်မယ်လို့တော့ မထင်ခဲ့မိဘူးပေါ့ ။ ”

” အိုင်ဗန် တိုနီဟာ ပွဲပြီးခါနီး တမိနစ် အလိုမှ ကျွန်တော် သူ့ကို လူစားလဲ သုံးခဲ့တဲ့ အပေါ် အတော်လေး မနှစ်မြို့ ဖြစ်ခဲ့မယ် ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး ။ အခုမှသာ ကျွန်တော်တို့ ဒီအကြောင်း ကြံဖန် ပြောလို့ရတာပါ ။ ဒါပေမယ့် သူဟာ ပွဲအပေါ် ကြီးမားတဲ့ သက်ရောက်မှု ပေးစွမ်းခဲ့ပြီး ၊ ဒုတိယဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဆောက်ဂိတ် က တိုနီကို ဒီထက် ပိုပြီး စောစောစီးစီး လူစားလဲသင့်ခဲ့လား ဆိုတဲ့ အမေး အပေါ် ” ဟုတ်ပါတယ် ။ ခင်ဗျားဟာ အဲဒီအချိန် လူစားလဲသုံးတဲ့အခါ ဒါက အံစာတုံး ခေါက်သလိုမျိုး ဖြစ်တာကြောင့် သူဟာ ဘောလုံး တချက်မှ မထိလိုက်ရတာမျိုးတောင် ကြုံခဲ့နိုင်ပါတယ် ။ ဒါကို ကျွန်တော် အပြည့်အဝ နားလည်ပါတယ် ။ ”

” ကစားသမား တယောက်ကို ဒီလို အခြေအနေမျိုးဆီ တွန်းပို့ရတာ ကျွန်တော်လည်း မနှစ်သက်ပါဘူး ။ ဒါပေမယ့် သူဟာ ဖြစ်ပျက်ခဲ့တဲ့ ဖရိုဖရဲ အနေအထား အတွက် အဓိက အကြောင်းတခု ဖြစ်စေမယ်လို့ ကျွန်တော် ခံစားခဲ့ရတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာလည်း ဆောက်ဂိတ် က ဒီအကြောင်းကို ထပ်မံ ရှင်းလင်းတဲ့ အနေနဲ့ ” သူ့မျက်နှာကို ကြည့်ပြီး သူ အဲဒီအချိန် ဘာတွေ စဉ်းစားနေခဲ့မလဲ ဆိုတာ ကျွန်တော် ပြောနိုင်ပြီး ၊ ဒါကိုလည်း နားလည်ပေးနိုင်ပါတယ် ။ သူ့ကို ကျွန်တော် ပွဲပြီးခါနီး တမိနစ် အလိုမှာမှ လူစားလဲခဲ့တာ ဖြစ်ပြီး ၊ ဘယ်ကစားသမားမဆို အဲဒီနေရာမှာ ‘ ကောင်းပြီ ၊ ငါ ဒီပြိုင်ပွဲ တလျှောက် အရန်ခုံ ထိုင်လာခဲ့တာ ၊ ငါ့ကို မင်း သုံးမှ မသုံးခဲ့တာ ‘ လို့ တွေးနေမှာပါ ။ ”

” ကျွန်တော် သူ့ကို ပြောခဲ့တာက ‘ ဒါက အချိန်ကောင်း တခု မဟုတ်တာ ငါသိတယ် ၊ ဒါမျိုး မင်းလည်း ဖြစ်ချင်မှာ မဟုတ်ဘူး ၊ ဒါပေမယ့် အခိုက်အတန့် တခုခု ကြုံနိုင်သေးတယ် ‘ ဆိုတာပါပဲ ။ သူ ကွင်းထဲမှာ ရှိနေတာက ပြိုင်ဖက် ခံစစ်ကို အနည်းငယ် လှုပ်ခတ်မှုတွေ ဖြစ်စေခဲ့ပါတယ် ။ ”

” သူဟာ ဒုတိယဂိုးမှာ အရမ်း ပါးနပ်တဲ့ ဖန်တီးမှု လုပ်ပေးနိုင်ခဲ့ပါတယ် ။ အခုတော့ သူ ကျွန်တော့ကို ခွင့်လွှတ်ပေးမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar