
၁၁. ၇. ၂၀၂၄
Written by Ye Kyaw
MPT အနေဖြင့် အီးဆင်းမ်ကတ်(eSIM) ဝန်ဆောင်မှုကို တစ်နိုင်ငံလုံးတွင် ၃၆ ဆိုင်သာ ဆောင်ရွက်နိုင်သေး၍ ဆိုင်ပေါင်း ၇၀ ကျော်အထိ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် MPT-KSGM ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “၁၀ နှစ်ပြည့်ဝယ်ငွေထုပ်ပိုက်မယ်” နှင့် အခြားပရိုမိုးရှင်းများ မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။
စမတ်ဖုန်းများတွင် လုပ်ဆောင်ချက်အသစ်အဆန်းများ ပိုမိုအသုံးပြုနိုင်ရန်၊ ဘက်ထရီအရွယ်အစား ပိုကြီးနိုင်အောင် စသည်တို့ကိုရည်ရွယ်၍ ပုံမှန်ဆင်းမ်ကတ်ထက် အရွယ်အစားပိုသေးလာသည့် Micro SIM Card ၎င်းထက်ပိုသေးသည့် Nano SIM သို့ ဆင့်ကဲပြောင်းလဲ အဆင့်မြှင်တင် ဆောင်ရွက်လာခဲ့ကြခြင်းဖြစ်သည်။
အီးဆင်းမ်ကတ်(eSIM) ဆိုသည်မှာ ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) ထည့်သွင်းအသုံးပြုရန် မလိုအပ်တော့ဘဲ မိုဘိုင်းဖုန်းစနစ်အတွင်း ဒီဂျစ်တယ်နည်းဖြင့် တိုက်ရိုက်ဖြည့်သွင်းအသုံးပြုနိုင်သည့် ဒီဂျစ်တယ် ဆင်းမ်ကတ်တစ်ခုဖြစ်သည်။ MPT အနေဖြင့် အဆိုပါစနစ်အား ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“ဒီဂျစ်တယ် eSIM ကို ကျွန်တော်တို့ လောလောဆယ် Launched လုပ်တာက ၃၆ ဆိုင်ပါ။ ဒါက တစ်နိုင်ငံလုံးပဲ။ ဆိုင်တိုင်းတော့ မဟုတ်ဘူး။ ၃၆ ဆိုင်မှာစတယ်။ နောက်ထပ် ဆိုင် ၇၀ ကျော်ကို တိုးချဲ့မယ်။ နောက်ပိုင်းလည်း ဆက်တိုးချဲ့မယ်။ ဒီဂျစ်တယ်လို့ဆိုတာက လောလောဆယ် အဲဒီဆိုင်တွေက ကျွန်တော်တို့က eSIM လုပ်ပြီဆိုလို့ရှိရင် eSIM ဆိုတဲ့သဘောက QR Code အဲဒီ QR Code က လောလောဆယ် စာရွက်နဲ့ပဲရှိသေးတယ်။ စာရွက်ကို Scan ဖတ်ရတာမျိုးပေါ့။ ဒီဂျစ်တယ်ဆိုတာက နောက်ပိုင်း စာရွက်မလိုတော့ဘူး။ ဒီအတွက် ဒီဂျစ်တယ်လို့ ရေးထားတာ” ဟု MPT- KSGM JO မှ တာဝန်ရှိသူက ပြောသည်။
MPT ၏ အီးဆင်းမ်ကတ်ကို အသုံးပြုနိုင်ရန်အတွက် အီးဆင်းမ်ကတ် အသုံးပြုနိုင်သော မိုဘိုင်းဖုန်း လိုအပ်မည်ဖြစ်ပြီး မိမိမိုဘိုင်းဖုန်းမှာ အီးဆင်းမ်ကတ် အသုံးပြုနိုင်ခြင်းရှိမရှိအတွက် *#06# ကို ဖုန်းခေါ်ဆို၍ အလွယ်တကူစစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
MPT ၏ အီးဆင်းမ်ကတ်များကို သတ်မှတ်ထားသော MPT အရောင်းဆိုင်များတွင် ရရှိနိုင်ပြီး အသုံးပြုလိုသူများအနေဖြင့် https://mpt.com.mm/mm/e-sim သို့ ဝင်ရောက်လေ့လာနိုင်ကာ ပရိုမိုးရှင်းကာလအဖြစ် လာမည့် ဩဂုတ်လ ၃၁ ရက်အထိ Physical SIM Card မှ eSIM သို့ ပြောင်းလဲခြင်းကို အခမဲ့ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း အသိပေးထား သည်။