
၂၂. ၁၂. ၂၀၂၄
Written by Nay Moe
နိုင်ငံအဆင့် ပထမဆုရပါက ကျပ် ၁၅ သိန်း ချီးမြှင့်မည်ဖြစ်ပြီး ထိုဆုကိုပင် အာဆီယံအဆင့်ဆုရပါက ဒေါ်လာ ၂၀၀၀ အထိ ဆုထပ်မံရရှိမည့် ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ – ၂၀၂၄ (တက္ကသိုလ်အဆင့်) ကို Online မှ ကျင်းပသွားမည်ဖြစ်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲ–၂၀၂၄ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဝင်ဖိတ်ခေါ်ခြင်း အသေးစိတ်အချက်အလက်များကို အောက်ပါ Link တွင် Download ရယူနိုင်ကြောင်း သိရှိရကာ ဆိုက်ဘာလုံခြုံရေးအသိပညာပေးဗီဒီယိုကို ဩဂုတ် ၄ ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၂) ဆုတို့ ချီးမြှင့်သွားမည်ဖြစ်ပြီး ပထမဆုကို ကျပ် ၁၅ သိန်း၊ ဒုတိယဆု ကျပ် ၇ သိန်း၊ တတိယဆု ကျပ် ၅ သိန်းနှင့် နှစ်သိမ့်ဆု ကျပ် ၃ သိန်းကို ပို့/ဆက်ဝန်ကြီးဌာနမှ ချီးမြှင့်မည်ဖြစ်ကာ ပြိုင်ပွဲတွင် ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ASEAN – JAPAN Cybersecurity Awareness Video Competition – 2024 ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
အကယ်၍သာ အဆိုပါ မြန်မာ့ပထမဆုရ ဆိုက်ဘာလုံခြုံရေး ဗီဒီယိုမှာ ASEAN – JAPAN Cybersecurity Awareness Video Competition – 2024 တွင်ပါ ဆုရပါက ပထမဆု ဒေါ်လာ ၂၀၀၀၊ ဒုတိယဆု ဒေါ်လာ ၁၅၀၀ နှင့် တတိယဆု ဒေါ်လာ ၁၀၀၀ ဆုရရှိမည်ဖြစ်ကြောင်း၊အသေးစိတ်သိရှိလိုပါက အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ ဝက်ဘ်ဆိုက် www.ncsc.gov.mm သို့လည်းကောင်း၊ ဖုန်းနံပါတ် – ၀၆၇-၃၄၂၂၂၇၂ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။