
အာဆင်နယ် အသင်းဟာ မနေ့ကညနှောင်းပိုင်းမှာတော့ ဘိုလောဂ့်နာ အသင်း ရဲ့ အီတလီ လက်ရွေးစင် နောက်ခံလူ ကာလာဖီအိုရီ ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာ ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ကာလာဖီအိုရီ ကို စုစုပေါင်း ပေါင် ၄၂ သန်း ၊ ၅ နှစ် စာချုပ် နဲ့ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။
အာဆင်နယ် နည်းပြ အာတီတာ ကတော့ ကာလာဖီအိုရီ အသင်းထံ ပြောင်းရွှေ့ရောက်ရှိလာဖို့ ဘယ်လို ဆွဲဆောင် စည်းရုံး ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ” ကျနော် သူနဲ့ စကား တစ်ကြိမ် နှစ်ကြိမ်လောက် ပြောဖြစ်ခဲ့ပါတယ် ။ တခြား အသင်းတွေကလည်း သူ့ကို စိတ်ဝင်စားနေကြတော့ ကျနော်တို့ ခေါ်နိုင်ပါ့မလား ဆိုတာ မသေချာ မရေရာ ဖြစ်ခဲ့ပါတယ် ။ ”

” ဒါပေမဲ့ သူ့ဘက်က ကျနော့်ကို ပြောခဲ့တဲ့ အာမခံ စကားတစ်ခု ရှိခဲ့ပါတယ် ၊ ‘ မင်းတို့ဘက်က အဆင်သင့် ဖြစ်ရင် ငါ့ကို ပြောပါ ၊ ငါ အထုတ်တွေ အသင့်ပြင်ထားပါတယ် ၊ ငါ အာဆင်နယ် အသင်းကို လာချင်တယ် ။ ‘ လို့ ပြောခဲ့ပါတယ် ။ ဒါက သူပြောခဲ့တဲ့ စကားပါပဲ ၊ အသင်းကို လာရောက် ကစားချင်တဲ့ သူ့ရဲ့ ဆန္ဒပြင်းပြမှု ကို ကြားရတော့ ကျနော်တို့ ဝမ်းသာ ဂုဏ်ယူမိတာ အမှန်ပါပဲ ။ ”
ဆက်လက်ပြီး အာတီတာ က ကာလာဖီအိုရီ ကို ဘယ်နောက်ခံလူ နေရာ မှာ ထားကစားမှာလား ဗဟို နောက်ခံလူ နေရာမှာ ထားကစားမှာလား ဆိုတဲ့ မေးခွန်းကို ” နေရာ နစ်ခုစလုံး မှာပေါ့ဗျာ ။ အထူးသဖြင့် ကျနော်တို့ ကစားချင်တဲ့ ပုံစံ ၊ ကစားဟန် အပေါ် လိုက်ပြီးတော့ပေ့ါ ၊ သူက ကျနော်တို့ လိုချင်တဲ့ ပုံစံ နဲ့ အံဝင်မယ့် ကစားသမားပါ ။ ”

လာမယ့် လီဗာပူး နဲ့ ပွဲမှာ ထုတ်သုံးသွားမှာလား ဆိုတဲ့ မေးခွန်း အပေါ်လည်း အာတီတာ က ” မေးခွန်းကောင်းပါတယ် ။ ဒါပေမဲ့ သူ မနေ့က လေယာဉ် အကြာကြီး စီးလာခဲ့တာပါ ၊ ပြီးတော့ ဆေးစစ်မှု ခံယူရတယ် ၊ ဒါကြောင့် ပြီးခဲ့တဲ့ ၄၈ နာရီ လုံးလုံး သူ အတော်လေး အလုပ်များ နေခဲ့ပါတယ် ၊ ဒီနေ့လည်း သူ အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းလိုက်ရပါဘူး ။ ”
” မနက်ဖြန်ကျမှ အသင်း နဲ့ အတူ လေ့ကျင့်ခန်း အချို့ စလုပ်မှာပါ ။ ကျနော်တို့ အနေနဲ့ အလောတကြီး လုပ်မှာ မဟုတ်ပါဘူး ၊ သူ ကစားလို့ ပြေတယ် ကြံ့ခိုင်မှု ပြည့်နေတယ်ဆို မိနစ် အနည်းငယ် ကစားခွင့် ပေးသွားမှာပါ ၊ သူ အဆင်သင့် မဖြစ်ဘူး ဆိုရင်တော့ ကစားခိုင်းမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM