Sports Myanmar

Inverted Role မှာ ချဲလ်ဆီး စတား တဦး ကစားပေးနိုင်ပါ့မလား ဆိုတဲ့ အမေး အပေါ် တုန့်ပြန်လာတဲ့ မာရက်စ်ကာ

 

ချဲလ်ဆီး အသင်းဟာ မနက်ဖြန် မနက်မှာ အမေရိကန် ခရီးစဉ် တတိယမြောက် ခြေစမ်းပွဲကို ဆင်နွှဲသွားဖို့ ရှိပြီး ၊ ရှေ့၂ပွဲ ရလဒ်နဲ့ ခြေစွမ်းပိုင်းကတော့ ခြင်္သေ့ပြာ ပရိသတ် တော်တော်များများကို စိတ်ပျက်သွားစေခဲ့ပါတယ် ။

နည်းပြသစ် အန်ဇို မာရက်စ်ကာဟာ သူ အားသန်တဲ့ inverted role နည်းစနစ် ဖြစ်တဲ့ တိုက်စစ်ဆင်တဲ့အခါ အစွန်နောက်ခံလူတွေကို ကွင်းလယ် ဖြည့်ကစားစေတဲ့ ပုံစံမျိုးကို အတင်း ဆွဲသွင်း အသုံးပြုနိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ် ။

ညာခြမ်းက ရိစ်ဂျိမ်းစ်နဲ့ မာလို ဂတ်စ်တိုကိုတော့ ရှေ့၂ပွဲလုံးမှာ inverted ပုံစံနဲ့ မြင်တွေ့ထားရပေမယ့် ၊ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ကိုတော့ ၃ယောက်တန်း ခံစစ်ရဲ့ ဘယ်ခြမ်းခံစစ်မှူး အဖြစ်သာ စမ်းသုံးနေတာကို တွေ့ရပါတယ် ။

ရှေ့လာမယ့်ပွဲတွေမှာ ချေဝဲလ်ကို inverted role မှာ သုံးဖို့ ရှိမရှိနဲ့ ပတ်သက်ပြီး မာရက်စ်ကာ က ” သေချာတာကတော့ ချီလီဟာ ဘယ်နောက်ခံလူ တယောက်ပါပဲ ။ သူ့ကို ကျွန်တော် ဘယ်အစွန်နောက်ခံလူ အဖြစ်နဲ့သာ အမြဲတမ်း မှတ်ယူထားပါတယ် ။ သူ ကစားပေးနိုင်မယ့် ၊ မှန်ကန်တဲ့ နေရာကို ရွေးချယ်ပေးဖို့ ကြိုးစားရတာက နည်းနည်းတော့ ထိလွယ်ရှလွယ်ပါတယ် ။ ”

” ဒါပေမယ့် သူ အချိန် အနည်းငယ် လိုအပ်တာပဲ ဖြစ်ဖို့များပါတယ် ။ ကျွန်တော်တို့ဟာ ကစားသမားတွေကို ၁၀၀ ရာခိုင်နှုန်း အပြည့် စွမ်းဆောင်ပေးဖို့ အလိုရှိကြပါတယ် ။ ဒီ ၂ပတ် ၊ ၃ပတ် အတွင်း မာလိုနဲ့ ရိစ်တို့ဟာ သူတို့ လုပ်ဖို့ လိုအပ်တာတွေကို သေချာပေါက် လုပ်နိုင်ကြပါတယ် ။ ”

” နောက်ပြီး သူတို့ ၂ယောက်ဟာ အရင်က အသုံးပြုခဲ့ပုံတွေကြောင့် ဂိုးဖန်တီးမှုတွေ ၊ ပိုပြီး အန္တရာယ်ပြုနိုင်တဲ့ စွမ်းဆောင်ရည်တွေ ပေးနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ ပင်ကို အရည်အချင်းတွေအရ သူတို့ဟာ အရမ်းကောင်းကြလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီးဟာ ရာသီသစ် မစတင်ခင် ၆ပွဲအထိ ကစားဖို့ ပြင်ဆင်ထားပြီး ၊ မနက်ဖြန် ကလပ် အမေရိကနဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ လွယ်ကူတဲ့ ပြိုင်ဖက်နဲ့ တွေ့ဆုံမယ့် နောက်ဆုံးပွဲလည်း ဖြစ်ပါတယ် ။ ဒီပွဲပြီးတာနဲ့ ချဲလ်ဆီးဟာ မန်စီးတီး ၊ ရီးရဲလ်မက်ဒရစ် ၊ အင်တာမီလန်တို့လို ပြည်တွင်းလိဂ် ချန်ပီယံတွေနဲ့ ဆက်တိုက်ကစားဖို့ ရှိပါတယ် ။

ရှေ့၂ပွဲမှာ လိဂ်ဝမ်းတန်းတက်ကလပ် ရက်စ်ဟမ်းကို သရေကျ ၊ စကော့တလန် ကလပ် ဆဲလ်တစ်ကို အရှက်တကွဲ ရှုံးခဲ့တာက ခြေစမ်းပွဲ ဖြစ်နေသည့်တိုင် ၊ ချဲလ်ဆီး အသင်းသားတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု အပေါ် အနည်းနဲ့ အများ သက်ရောက်မှု ရှိစေနိုင်ပြီး ၊ မနက်ဖြန်ပွဲမှာတော့ အနိုင်ရလဒ် စတင် ရရှိဖို့ လိုအပ်လာပြီ ဖြစ်ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး မာရက်စ်ကာ က ” ခင်ဗျားဟာ အမြဲတမ်း အနိုင်ရဖို့ လိုအပ်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒါက အရေးကြီးလို့ပါ ။ ဒါပေမယ့် လောလောဆယ်မှာ ဗုဒ္ဒဟူးနေ့ပွဲကို အနိုင်ရခဲ့လို့ ၊ မက်ဒရစ် ၊ စီးတီးတို့နဲ့ ရင်ဆိုင်တဲ့အခါ စိတ်ဓာတ်ပိုင်းအရ ပိုကောင်းသွားတာမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ ”

” နောက်ပြီး ကျွန်တော် ကစားသမားတွေကို မက်ဆေ့ချ် ပေးဖို့ ကြိုးစားနေတာက လောလောဆယ်မှာ ကျွန်တော်တို့ အနေနဲ့ ဘောလုံးရာသီ အတွင်း ကစားမယ့် ပုံစံအတိုင်း ခြေထဲ ဘောလုံးရှိတဲ့အချိန်ရော ၊ မရှိတဲ့အချိန်မှာပါ တိုးတက်အောင် လုပ်ဖို့ပါပဲ ။ ဒါဆို ရလဒ်ကောင်းတွေက ရောက်လာမယ် ဆိုတာ ကျိန်းသေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar