
ချဲလ်ဆီး အသင်းဟာ ယနေ့မနက်ကပဲ ဗီလာရီးရဲလ် အသင်းကနေ ဒိန်းမတ် ကြယ်ပွင့် ဂိုးသမား ဖိလစ် ယော်ဂင်ဆန်ကို ယူရို ၂၄.၅သန်း ၊ ၇နှစ်စာချုပ်နဲ့ တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ် ။ ဒါဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ၆ယောက်မြောက် ကစားသမားသစ် ခေါ်ယူမှုလည်း ဖြစ်ပါတယ် ။
အသက် ၂၂နှစ် အရွယ်ရှိ ယော်ဂင်ဆန်ဟာ ပြီးခဲ့တဲ့ ရာသီ ဗီလာရီးရဲလ်မှာ Clean Sheet အများအပြား မရခဲ့သည့်တိုင် ၊ လာလီဂါရဲ့ save ratio အကောင်းဆုံး ဂိုးသမား တဦး ဖြစ်ခဲ့သလို ၊ ၎င်းရဲ့ ဘောလုံးဖြန့်ဝေမှု စကေးကြောင့် အခုလို စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ခွင့် ရခဲ့တာ ဖြစ်ပါတယ် ။

ချဲလ်ဆီး ဂိုးသမား ဘဝ ပထမဆုံး အင်တာဗျူးမှာ ယော်ဂင်ဆန်က သူဟာ ချဲလ်ဆီး ပရိသတ် တဦး ဖြစ်သလို ၊ ကလပ် ဂန္တဝင် ဂိုးသမား ပီတာချက်ဟာ သူ့ရဲ့ အိုင်ဒေါ ဖြစ်ကြောင်း အခုလိုပဲ ထုတ်ဖော်လာပါတယ် ။
ယော်ဂင်ဆန် က ” ကျွန်တော်ဟာ ချဲလ်ဆီးပွဲတွေ ကြည့်ရှုရတာ အမြဲ နှစ်သက်ခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ပီတာချက် ဂိုးဖမ်းတာကို ကြည့်ပြီး ကျွန်တော် ကြီးပြင်းလာရလို့ပါ ။ ဒီတော့ ချဲလ်ဆီးဟာ ကျွန်တော် စောင့်ကြည့်ဖြစ်တဲ့ အကြိုက်ဆုံး အသင်းတသင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ယော်ဂင်ဆန် က ချဲလ်ဆီးသို့ ပြောင်းရွှေ့နိုင်ခဲ့လို့ ဘယ်လောက်ထိ ဝမ်းမြောက်ကြောင်းကို ” မန်နေဂျာ ကစားချင်တဲ့ ပုံစံကို သင်ယူနိုင်အောင် ၊ အသင်းဖော်တွေ အကြောင်း သိနိုင်အောင် ၊ ဒီကို မြန်နိုင်သမျှ အမြန်ဆုံး ရောက်လာဖို့နဲ့ စောနိုင်သမျှ အစောဆုံး ရာသီသစ် အတွက် ပူးပေါင်းပါဝင် ပြင်ဆင်ဖို့က အရေးကြီးပါတယ် ။ ”
” ပြီးခဲ့တဲ့ ၁၂လတာ ကာလ ဖြတ်သန်းခဲ့ရပုံနဲ့ ပတ်သက်ပြီး ကျွန်တော် ကျေနပ်ပျော်ရွှင်မှု ရှိပါတယ် ။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး ၊ ကိုယ့်မှာ ဘယ်လို အရည်အသွေးတွေ ရှိလဲ ဆိုတာ သိပါတယ် ။ ”

” ကံကောင်းစွာနဲ့ ဘောလုံးလောကရဲ့ အမြင့်ဆုံး အဆင့် တဆင့် ဖြစ်တဲ့ စပိန်မှာ ကိုယ့်ကိုယ်ကို သက်သေပြခွင့် ရခဲ့ပါတယ် ။ အခုတော့ ကျွန်တော်ဟာ ကမ္ဘာ့ အကြီးကျယ်ဆုံး စာရင်းဝင် အသင်းမှာ ကစားဖို့ အခွင့်အရေး ရလာပြီဆိုတော့ ကျွန်တော် အရမ်း ပျော်ရွှင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ချဲလ်ဆီးဟာ ယော်ဂင်ဆန် ရောက်လာတာကြောင့် ပြီးခဲ့တဲ့ ရာသီ ဒုတိယပိုင်းကို ပွဲထွက် ဂိုးသမား အဖြစ် ကစားခဲ့ရတဲ့ ဂျော်ဂျီ ပက်ထရိုဗစ်ကို ရောင်းချဖို့ သေချာသလောက် ဖြစ်လာသလို ၊ ယော်ဂင်ဆန်ဟာ ရာသီကြို ပြင်ဆင်မှုမှာ အဓိက ပွဲထွက်ခွင့် ရနေတဲ့ ရောဘတ် ဆန်းချက်ဇ်နဲ့ အဓိက နေရာလုရဖို့ ရှိပါတယ် ။
ဒါနဲ့ ပတ်သက်ပြီး ယော်ဂင်ဆန် က ” ရောဘတ် ဆန်းချက်ဇ်ဟာ စပိန် လက်ရွေးစင် အသင်းနဲ့ အတူ ရှိခဲ့ဖူးပြီး ၊ အဲဒီမှာ ကျွန်တော် နေခဲ့တုန်းက သူ့အကြောင်း အနည်းငယ် စောင့်ကြည့်ဖြစ်ခဲ့ပါတယ် ။ သူဟာ ဘရိုက်တန်မှာ ကစားခဲ့ဖူးပြီး ၊ အခုတော့ ချဲလ်ဆီးမှာ ရှိနေတာပေါ့ဗျာ ။ ”

” သူဟာ အရမ်းတော်တဲ့ ဂိုးသမား တယောက် ဆိုတာ ကျွန်တော် သိပါတယ် ။ ကျွန်တော်တို့ တယောက်ဆီက တယောက် သင်ယူလေ့လာနိုင်ဖို့ ၊ အတူတကွ ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်ဖော်ပြသဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR