Sports Myanmar

မန်ချက်စတာစီးတီး ကြယ်ပွင့်ကို ခေါ်ယူဖို့ တိုက်တွန်း ခံနေရတဲ့ အာဆင်နယ်

 

အာဆင်နယ် အသင်း အနေနဲ့ မန်ချက်စတာ စီးတီး အသင်း ရဲ့ ကြယ်ပွင့် အယ်ဗာရက်ဇ် ကိုသာ ခေါ်ယူနိုင်ပါက အသင်း ရဲ့ အဆင့်အတန်းဟာ နောက်တစ်ဆင့်ကို တက်လှမ်း သွားနိုင်မှာ ဖြစ်တယ်လို့ ဝီလီယံ ဂါးလက်စ် က ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ကပ်သီးလေး လွဲချော် ခဲ့တဲ့ အသင်းပါ ။ အာဆင်နယ် အသင်း ဟာ နှစ်ရာသီ ဆက်တိုက် တိုက်စစ် စွမ်းဆောင်ရည်ကောင်းတွေ ပြသ နိုင်ခဲ့ပေမယ့် ဝေဖန် သုံးသပ်သူ အများစုကတော့ အာဆင်နယ် အသင်းမှာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှုး လိုအပ်နေသေးကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိနေဆဲပါ ။

အာဆင်နယ် နောက်ခံလူဟောင်း ဂါးလက်စ် ကတော့ မန်စီးတီး အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ အယ်ဗာရက်ဇ် ကို ခေါ်ယူနိုင်ပါက အာဆင်နယ် အတွက် တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ အကြံ ပေးသွားခဲ့ပါတယ် ။ ” အယ်ဗာရက်ဇ် က အာဆင်နယ် အတွက် ကောင်းမွန်တဲ့ စာချုပ်ချုပ် ခေါ်ယူမှု ဖြစ်မှာပါ ။ သူက ကမ္ဘာ့ချန်ပီယံ ၊ ကိုပါ အမေရိက ချန်ပီယံ ၊ ပရီးမီးယားလိဂ် နှစ်နှစ်ဆက် ချန်ပီယံ ၊ ချန်ပီယံလိဂ် ချန်ပီယံပါ ။ ”

” သူက မန်စီးတီး ရဲ့ အရေးပါတဲ့ ပွဲအားလုံးကို ကစားရသလို အာဂျင်တီးနား အသင်း ရဲ့ ပွဲထွက်ခွင့်ရ ကစားသမားပါ ။ သူက အာဆင်နယ် အသင်းဆီ အောင်ပွဲ စိတ်ဓတ်တွေ ဆောင်ယူ‌လာပေးမယ့် ကစားသမားပါ ၊ သူ့အနေနဲ့ လည်း သူ့ရဲ့ အမြင့်မားဆုံး ပုံစံ ရောက်ဖို့ ပွဲချိန် မိနစ်တွေ များများ ကစားဖို့ မျှော်လင့်ပုံ ရပါတယ် ။ ”

” အယ်ဗာရက်ဇ် က အာဆင်နယ် ကို နောက်တစ်ဆင့် ပို့ပေးနိုင်မယ့် ကစားသမားပါ ။ သူ တစ်ရာသီ ဂိုး ၂၀ သွင်းနိုင်မှာလား မသွင်းနိုင်ဘူးလား ကျနော် မသိပေမယ့် တောင်ပံ နှစ်ဖက် မှာ ကစားနိုင်တယ် ၊ တိုက်စစ်မှူး နောက်မှာ ကစားနိုင်တာတွေက အသင်းအတွက် အရမ်း အကျိုးရှိမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar