Sports Myanmar

ကိုးလ်ပါလ်မာလား ? အန်ကွန်ကူလား ? ချဲလ်ဆီးရဲ့ အဓိက ပင်နယ်တီ ကန်သွင်းသူက ဘယ်သူလဲ ဆိုတာ ဖြေကြားလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီး အသင်းဟာ လက်ရှိမှာ အမေရိကန် ခြေစမ်း ခရီးစဉ်ကို ဖြတ်သန်းလျက်ရှိရာ ၊ ခြေစမ်းပွဲ ၃ပွဲ ကစားထားပြီးချိန် ၊ တပွဲနိုင် ၊ တပွဲသရေ ၊ တပွဲရှုံး ရလဒ် ထွက်ပေါ်ထားပါတယ် ။ ရာသီသစ် မစတင်ခင် ခြင်္သေ့ပြာတို့ဟာ ခြေစမ်းပွဲ ၃ပွဲ ထပ်မံ ကစားရဦးမှာ ဖြစ်ပါတယ် ။

ဆဲလ်တစ် ၊ ကလပ် အမေရိက အသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲတွေမှာ ချဲလ်ဆီးဟာ ပင်နယ်တီ ၃ကြိမ် ရရှိခဲ့ပြီး ၊ ၂ကြိမ်ကို ပြင်သစ် နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူက အဆုံးသတ်ခဲ့တာကြောင့် လောလောဆယ်မှာ ယင်းပြင်သစ်သားဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ ပထမ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူတွေထဲက တဦး ဆိုတာ သေချာနေပါတယ် ။

လက်ကျန် ပင်နယ်တီ တကြိမ်ကိုတော့ တောင်ပံကစားသမား နွန်နီ မက်ဒူးကီက ကန်သွင်းယူခဲ့ပေမယ့် ၊ ၎င်းဟာ ကလပ် အမေရိကနဲ့ ပွဲမှာ ရခဲ့တဲ့ အဖွင့် ပင်နယ်တီကိုလည်း ကန်သွင်းဖို့ ကနဦးမှာ ဘောလုံး ကြိုယူခဲ့ပေမယ့် ၊ မာရက်စ်ကာရဲ့ တိုက်ရိုက် ညွှန်ကြားမှုကြောင့် အန်ကွန်ကူထံ ထိုပင်နယ်တီကို လွှဲပေးခဲ့ရပါတယ် ။

အန်ကွန်ကူဟာ လက်ရှိ ခြေစမ်းပွဲ ၃ပွဲဆက် ဂိုးသွင်းယူထားကာ ၊ ပြီးခဲ့တဲ့ ရာသီတုန်းကလိုသာ ဒဏ်ရာ ပြဿနာတွေ ထပ်မကြုံရဘူးဆိုရင် မာရက်စ်ကာရဲ့ အဓိက ပွဲထွက် ကစားသမား တဦး ဖြစ်လာဖို့ ကျိန်းသေသလောက် ရှိနေပါတယ် ။

တဖက်မှာ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ချဲလ်ဆီးရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်းသူဟာ အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် ကိုးလ်ပါလ်မာ ဖြစ်ခဲ့ပြီး ၊ ၎င်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဗိုလ်လုပွဲထိ ဆင်နွှဲထားတာကြောင့် နားရက် ပိုရထားကာ ၊ ရာသီကြို ခရီးစဉ် နှောင်းပိုင်းမှ ချဲလ်ဆီးနဲ့ ပြန်လည် ပူးပေါင်းမှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ မာရက်စ်ကာ က ခြင်္သေ့ပြာတို့ရဲ့ အဓိက ပင်နယ်တီ ကန်သွင်းသူက ဘယ်သူလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ” ကျွန်တော် ဆုံးဖြတ်ချက်ပြီးပါပြီ ။ ဒါကြောင့်လည်း ခရစ်တိုကို ပထမ ပင်နယ်တီ ကန်စေခဲ့တာပါ ။ ”

” နွန်နီဟာ ပထမ ပင်နယ်တီကို ကန်လုနီးနီး ဖြစ်ခဲ့ပေမယ့် ၊ ခရစ်တိုကိုပဲ ပင်နယ်တီ ပေးကန်ဖို့ တိုစင် ( အဒါရာဘိုင်ယို ) ကတဆင့် နွန်နီကို ကျွန်တော် ပြောခဲ့ပါတယ် ။ ဒါကြောင့် နွန်နီက ဘောလုံးကို ချန်ခဲ့ပေးပြီး ၊ ခရစ်တိုက ဒီပင်နယ်တီကို အဆုံးသတ်ခဲ့ပါတယ် ။ ”

” ဂိုးသွင်းဖို့ စိတ်ဆန္ဒ ပြင်းပြတာကို ကျွန်တော် နားလည်ပေမယ့် ၊ ကျွန်တော်ကသာ ဘယ်သူ ပင်နယ်တီ ကန်ရမလဲ ဆိုတာ ဆုံးဖြတ်ရမှာပါ ။ ကစားသမားတွေက ဆုံးဖြတ်ချက် ပေးရမှာ မဟုတ်ပါဘူး ။ ”

” နောက်တပတ်လောက်ဆို နွန်နီ ဒါမှမဟုတ် တခြား ကစားသမား တယောက်ယောက်ကို ပင်နယ်တီ ကန်ဖို့ ကျွန်တော် ညွှန်ကြားကောင်း ညွှန်ကြားနိုင်ပေမယ့် ၊ ကျွန်တော်ကသာ ပင်နယ်တီ ကန်သွင်းမယ့်သူက ဘယ်သူလဲဆိုတာ ဆုံးဖြတ်ချက် ချသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မာရက်စ်ကာ က ပါလ်မာ ပြန်ရောက်လာရင် ပင်နယ်တီ တာဝန် ပြန်လည် အပ်နှင်းခြင်း ခံရမလား ဆိုတဲ့ အမေး အပေါ်လည်း ” သေချာတာပေါ့ ။ ကိုးလ် ပြန်ရောက်လာတဲ့အခါ မနှစ်က မှတ်တမ်းအပြင် ၊ သူ့ကို ကျွန်တော် ကောင်းကောင်းသိတာကြောင့် ၊ သူဟာ ( အဓိက ) ပင်နယ်တီ ကန်သွင်းသူပါ ။ ”

” ဒါပေမယ့် ကိုးလ်က ဒီမှာ ရှိမနေတော့ နောက်တယောက်ကို ကန်ခိုင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ရပြီး ၊ အဲဒီလူက ခရစ်တိုပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar