
ချဲလ်ဆီး အသင်းဟာ ယနေ့ မနက်က ကစားသွားတဲ့ မန်စီးတီး အသင်းနဲ့ စတုတ္ထမြောက် ရာသီကြို ခြေစမ်းပွဲမှာ ခြေစွမ်း အများကြီး ထူးမလာပဲ ၊ ခံစစ်က အမှား ဗရပွနဲ့ ၄ – ၂ ရလဒ်နဲ့ အတူ အရေးနိမ့်ခဲ့ရပါတယ် ။ ဒါဟာ ရာသီသစ် စတင်ဖို့ ခြေစမ်းပွဲ ၂ပွဲပဲ ကျန်တော့တဲ့ အချိန် အခြေအနေ မဟန်တဲ့ လက္ခဏာ တရပ်လည်း ဖြစ်ပါတယ် ။
ဒီပွဲမှာ စီးတီးတို့ဟာ အဓိက ကစားသမား ၃ဦးလောက်နဲ့ ကျန်အရန် ၊ လူငယ်ချာတိတ်တွေကို တွဲပြီး ပွဲထုတ်လာခဲ့တာတောင် ၊ ချဲလ်ဆီးလို လူစုံတက်စုံနီးနီး အသင်းကို ၄ဂိုးပြတ် အထိ ဦးဆောင် ကစားခဲ့တာ ဖြစ်ပြီး ၊ ဒုတိယပိုင်းမှာဆို တတိယ ဦးစားပေး ဂိုးသမား စကော့ ကာဆန်နဲ့ ပိုပြီး ငယ်ရွယ်တဲ့ လူငယ် တသိုက်ကိုပင် လူစားလဲ သုံးခဲ့ပါတယ် ။

ရာသီသစ် စတင်ဖို့ ရက်သတ္တပတ် အနည်းငယ်ပဲ လိုတော့တဲ့အချိန် ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ အနေနဲ့ သိသာတဲ့ တိုးတက်မှုတွေ မလုပ်ပြနိုင်ဘူးဆိုရင် ၊ လာမယ့် ရာသီသစ်ဟာ ပြီးခဲ့တဲ့ ရာသီကထက် အဆများစွာ ပိုဆိုးလာနိုင်ခြေ ရှိနေပါတယ် ။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ မာရက်စ်ကာ က ဒီပွဲအပေါ် ” အရိုးသားဆုံး ဝန်ခံရရင် အရမ်း ထူးဆန်းတဲ့ ပွဲတပွဲပါ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပွဲကို ပြင်ဆင်ချဉ်းကပ်တုန်းက ဒီအစီအစဉ်က ကျွန်တော်တို့ လိုချင်တဲ့ တိုက်စစ် ၊ ခံစစ် ကစားဟန် ဖြစ်ခဲ့လို့ပါ ။ ပထမပိုင်း အဖွင့် ၅မိနစ်မှာ ကျွန်တော်တို့ ၂ဂိုး ပေးခဲ့တာကလွဲရင် ၊ အသင်းက ခြေစွမ်း ကောင်းခဲ့ပါတယ် ။ ”
” ဒါပေမယ့် ဒါက ထူးဆန်းတဲ့ ပွဲတပွဲပါ ။ ဘာလို့လဲဆိုတော့ ခင်ဗျားက ဒီပွဲကို နည်းလမ်း တမျိုးနဲ့ ပြင်ဆင်ခဲ့တယ် ၊ တကယ်တမ်း ပွဲစစချင်းမှာ ၂ဂိုး ပေးခဲ့ရတော့ ပွဲအခြေအနေက ပြောင်းလဲသွားခဲ့လို့ပါ ။ ပထမပိုင်း အကြောင်း ကျွန်တော် ဘာပြောနိုင်မှာလဲ ? ”
” အသင်းက ဘောလုံး ခြေထဲ ရှိတဲ့ အချိန် ကစားပုံ ကောင်းခဲ့ပြီး ၊ အခွင့်အရေး တချို့ ဖန်တီးနိုင်ခဲ့ပြီး ၊ မှန်ကန်တဲ့ ကစားသမားတွေ ၊ နေရာလွတ်တွေ ရှာဖွေနိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ ပြိုင်ဖက်ရဲ့ Final Third Zone မှာ အရည်အသွေး ပျောက်ဆုံးနေခဲ့ပါတယ် ။ အထူးသဖြင့် ဘယ်ညာ တောင်ပံ၂ခြမ်းလုံးက တဦးချင်း အနေအထားတွေမှာပေါ့ ။ ”
” တခြမ်းမှာ မာလို ( ဂတ်စ်တို ) ဟာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အတိုင်း ကစားနိုင်ခဲ့ပြီး ၊ ကျန်တခြမ်းမှာတော့ ကျွန်တော်တို့ နည်းနည်း ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ် ။ ဒါက ဒီနေ့ပွဲ အတွက် ကျွန်တော့ရဲ့ သုံးသပ်ချက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ လူမစုံမလင်တဲ့ ကြားက ချဲလ်ဆီးကို သက်တောင့်သက်သာ နိုင်သွားတဲ့ မန်စီးတီးဖက်က ယနေ့ပွဲရဲ့ ကွင်းမျက်နှာပြင်နဲ့ ပတ်သက်ပြီး တစုံတရာ မညည်းတွားခဲ့ပေမယ့် ၊ မာရက်စ်ကာကတော့ ဒါကို ဆင်ခြေ တရပ် အနေနဲ့ အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။
မာရက်စ်ကာ က ” တခါတလေ ကျွန်တော်တို့ဟာ ဒီလို အရာတွေ ပြောတဲ့အခါ ဒါက ဆင်ခြေပေးသလို ဖြစ်တတ်တာကြောင့် ကျွန်တော့ အနေနဲ့ ဒါကို ထုတ်မပြောချင်ပေမယ့် ၊ သေချာတာကတော့ ကွင်းမျက်နှာပြင်က အထောက်အကူ မဖြစ်ခဲ့ပါဘူး ။ ”
” ကျွန်တော်တို့ ကစားတဲ့ ပုံစံနဲ့က ကွင်းမျက်နှာပြင်က ချောမွေ့ဖို့ လိုပါတယ် ။ ဒါပေမယ့် ဒီနေ့ပွဲက ကွင်းမျက်နှာပြင်က ကျွန်တော်တို့ကို နှေးကွေးအောင် လုပ်ခဲ့ပါတယ် ။ လောလောဆယ်မှာ ကျွန်တော်တို့ဟာ သင်ယူဖို့ လိုပါတယ် ။ ဂိုးတွေ ပေးနေရတယ် ဆိုတာထက်ကို ပိုပါတယ် ။ ”

” တဂိုး စပေးရတဲ့အခါ ခင်ဗျားဟာ နောက်တဂိုးကို ၂မိနစ်အကြာလောက်မှာ ထပ်ပြီး ခွင့်ပြုလို့ မရဘူး ဆိုတာ ကျွန်တော်တို့ သင်ယူဖို့ လိုပါတယ် ။ ဒါက ကျွန်တော် အသင်းသားတွေကို ပြောခဲ့တဲ့ အရာ တခုပါပဲ ။ တဂိုး ပေးရတဲ့အခါတိုင်း ကျွန်တော်တို့ဟာ ပိုပြီး အားကောင်းလာဖို့ လိုပါတယ် ။ ဒါမှ နောက်တဂိုး ခွင့်မပြုရတော့မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR