Myanmar Transparency News

လျှပ်စစ်ဒယ်နီအိုး အပူလွန်ကဲရာက ဒလမှာ လူနေအိမ် ၅ လုံးနီးပါး မီးလောင်

၆.၂.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အဲမွန်ဒရာ (၉) လမ်းရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီလ ၅ ရက် ည ၇ နာရီ ၅၆ မိနစ်ခန့်အချိန်က
လျှပ်စစ်ဒယ်နီအိုး အပူလွန်ကဲရာမှ လူနေအိမ် ၅ လုံး နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ၁၀ ပေ၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ထရံကာ၊ ပျဉ်ခင်း ၁ ထပ်နေအိမ်၌ စတင်ဖြစ်ပွားခဲ့ပြီး မိနစ်၂၀ ကျော် ကြာမြင့်သော မီးလောင်မှုကြောင့် တစ်ထပ်လူနေအိမ် ၁ လုံး၊ ၂ ထပ် လူနေအိမ် ၃ လုံးနှင့် ၂ ထပ်လူနေအိမ်တစ်ခြမ်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီး​လောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ ရေသယ်ယာဉ်၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၈ ဦးဖြင့် မိနစ်၂၀ ကျော်ကြာ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

နေအိမ် ၅ လုံးနီးပါး မီးလောင်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဒေါ်မြင့်မြင့်ခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒလမြို့နယ်ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ ဖေ​ဖော်ဝါရီလ ၃ ရက် နံနက် ၁၁ နာရီကျော်က တပင်ရွှေထီးရပ်ကွက်၊ မဟာဗန္ဓုလမ်းနှင့် ဆင်ဖြူရှင်လမ်းထောင့်ရှိ တော်ဝင်နှင်းဆီ အဆင်မြင့်တည်းခိုခန်းနှင့် မိသားစု ကာရာအိုကေဆိုင်တွင် Aircon Safeguard အပူလွန်ကဲရာမှ အောက်ရှိဆိုဖာပေါ် မီးပွားကျကာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လျှပ်စစ်ဝါယာကြိုး၊ ဆိုဖာနှင့် ကာရာအိုကေစက်တို့ မီးလောင်ခဲ့သဖြင့် အသက် ၅၆ နှစ်အရွယ် ဒေါ်ဥမ္မာလင်းကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် ဒလမြို့မရဲစခန်းက အမှုဖွင့်ထားသည်ဟု သိရသည်။

မူရင်းသတင်း — Myanmar Transparency News