Myanmar Digital News

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားသူကြီးများ၏ တရားစီရင်ရေးမှားယွင်းမှုအပြင် ကျင့်ဝတ်၊ စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ အားနည်းခြင်းတို့ကို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၆

 

တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုတရားရုံးချုပ်၏ညွှန်ကြားချက်ကို လက်ရှိကျင့်သုံးဆောင်ရွက်မှု အခြေအနေ၊ တရားရုံးများရှိ Complaint Box များမှ တင်ပြစာများကိုစိစစ်အရေးယူရန် သီးခြားစိစစ်ရေးအဖွဲ့များဖွဲ့စည်းပေးနိုင်ရေး၊ သယံဇာတများကို အကြီးစား၊ အလတ်စား တူးဖော်ခွင့်မပြုဘဲ အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ခွင့်ကို ဥပဒေနှင့်အညီ ခွင့်ပြုပေးနိုင်ရေး၊ ဆက်သွယ်ရေးကွန်ရက်များ ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်ပေးနိုင်ရေး၊ မြို့မဈေးကြီးပြန်လည် တည်ဆောက်ရေး၊ မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းရေးစနစ်များအဆင့်မြှင့်တင်ရေး၊ လမ်းမီးတိုင်နှင့် လမ်းမီးများတပ်ဆင်၊ ပြုပြင်ပေးနိုင်ရေး၊ လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်းသည့် မေးခွန်း ၁၂ ခု မေးမြန်းဖြေကြားခြင်းနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များ ဖွဲ့စည်းအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ဦးစွာ တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်၏ ပြည်ထောင်စုတရားရုံးချုပ်၏ ၁၈-၁၂-၁၉၉ဝ ရက်စွဲပါ ညွှန်ကြားချက်အား ကျင့်သုံးဆောင်ရွက်လျက် ရှိ မရှိနှင့် မရှိပါက အဘယ့်ကြောင့်ဆိုသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကိုမထိခိုက်စေဘဲ နိုင်ငံတော်၏အမြင့်ဆုံးတရားရုံး ဖြစ်ပြီး နိုင်ငံတော်အတွင်းရှိ တရားရုံးအားလုံးကို ကြီးကြပ်ကွပ်ကဲပါကြောင်း၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မိမိစီရင်ပိုင်ခွင့်အတွင်းရှိ တရားရုံးများကိုလည်းကောင်း၊ ခရိုင်တရားရုံးများသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်၏ လမ်းညွှန်ချက်နှင့်အညီ မိမိစီရင်ပိုင်ခွင့်အတွင်းရှိ မြို့နယ်တရားရုံးများကိုလည်းကောင်း အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲပါကြောင်း။

 

ထိုသို့ တရားစီရင်ရေးလုပ်ငန်း ကြီးကြပ်ကွပ်ကဲရာတွင် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိသည့် ယခင်တရားရုံးချုပ်က ထုတ်ပြန်ခဲ့သောညွှန်ကြားချက်များကို လိုက်နာသည့်အပြင် လိုအပ်သည့်ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်ဆောင်ရွက်ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားသူကြီးများ၏ တရားစီရင်ရေးမှားယွင်းမှုအပြင် ကျင့်ဝတ်၊ စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ အားနည်းခြင်းတို့ကိုလည်း သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။

 

၂ဝ၂၅ ခုနှစ်အတွင်း ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊ လုပ်ထုံးလုပ်နည်းမလိုက်နာခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်း၊ တရားစီရင်ရေးမှားယွင်းခြင်းတို့အတွက် တရားရေးအရာရှိ/ တရားသူကြီးအား သတိပေးခြင်း၊ နှစ်တိုးလစာရပ်ဆိုင်းခြင်း၊ ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊ ရာထူးအဆင့်လျှော့ချခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းဖြင့် အသီးသီးအရေးယူခဲ့ပါကြောင်းနှင့် ယခင်တရားရုံးချုပ်၏ညွှန်ကြားစာအပြင် အခြားတည်ဆဲ ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ရန်ကင်းမဲဆန္ဒနယ်မှ ဦးတင်မိုးအောင် (ခ) နေရှိုင်း၏ တရားရုံးများရှိ Complaint Box များမှ တင်ပြစာများကို အရေးယူဆောင်ရွက်ရန်အတွက် သီးခြားစိစစ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက တရားရုံးများတွင် တရားမျှတမှုရရှိရေး၊ ပြည်သူများ၏တရားရုံးအပေါ် ယုံကြည်မှုတိုးမြှင့်လာစေရန်နှင့် တရားရုံးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တရားရုံးအသီးသီးတွင် ပြည်သူများ၏ အခက်အခဲတိုင်ကြားချက်များနှင့် အကြံပြုချက်များကို တင်ပြနိုင်ရန် Complaint Box စုစုပေါင်း ၃၉၆ လုံး ထားရှိပြီးဖြစ်ပါကြောင်း။

 

တင်ပြစာများကိုစိစစ်ပြီးနောက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လိုအပ်ပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရှေးဦးစုံစမ်းရေးအဖွဲ့ သို့မဟုတ် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်၍ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ပြီး စစ်ဆေးပေါ်ပေါက်ချက်နှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စီမံခန့်ခွဲရေးကော်မတီ၏ အဆုံးအဖြတ်ခံယူဆောင်ရွက်လျက်ရှိပါကြောင်း။

 

တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးအသီးသီး၌ ထားရှိသော Complaint Box မှတစ်ဆင့် တင်ပြလာသည့်စာများကိုလည်း တာဝန်ပေးအပ်ထားသည့် သက်ဆိုင်ရာတရားရုံးကြီးကြပ်သူအရာရှိ ဦးဆောင်သည့် စိစစ်ရေးအဖွဲ့က ဖွင့်ဖောက်စစ်ဆေးပြီး ဝင်စာမှတ်ပုံတင်ရေးသွင်းကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လိုအပ်ပါက အထက်အဆင့်ဆင့်သို့ တင်ပြလမ်းညွှန်မှုခံယူပြီး လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။ သို့ပါ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံးအသီးသီး၌ထားရှိသော Complaint Box များမှ ပြည်သူများ၏ တင်ပြစာများကို ပုံမှန်ဖွင့်ဖောက်စိစစ်ပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ဖားကန့်မဲဆန္ဒနယ်မှ ဦးသက်ပိုင်ထူး၏ ဖားကန့်ရှိ သယံဇာတများအား အကြီးစားနှင့် အလတ်စား တူးဖော်ခွင့်မပြုဘဲ အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ခွင့်ကို စည်းကမ်းနှင့်အညီ ခွင့်ပြုပေးရန်အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးက ဖားကန့်ရတနာနယ်မြေသည် လက်ရှိအခြေအနေအရ နယ်မြေလုံခြုံရေး တည်ငြိမ်မှုမရှိခြင်း၊ ဘူမိဗေဒဖြစ်စဉ်အရ အရည်အသွေးကောင်းမွန်သည့် ကျောက်စိမ်းဖြစ်ပေါ်လာရန် နှစ်သန်းပေါင်းများစွာ အချိန်လိုအပ်ခြင်း၊ ကျောက်စိမ်း၊ ကျောက်မျက်သယံဇာတများကို နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် သားစဉ်မြေးဆက် ရေရှည်အသုံးပြုနိုင်စေရေးအတွက်ရည်ရွယ်ပြီး တူးဖော်ထုတ်လုပ်မှုကို ကန့်သတ်ဆောင်ရွက်ခြင်း များကြောင့် ဖားကန့်ရတနာနယ်မြေအတွင်း အသေးစား တူးဖော်ထုတ်လုပ်မှုနှင့် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ဆွေ၏ MSME ထုတ်ကုန်များ၏ ဈေးကွက်တိုးမြှင့်ရေး၊ အသုံးပြုမှုမြှင့်တင်ရေးနှင့် ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံဇာတ်လမ်းတွဲများတွင် Local Content Policy နှင့် Product Placement Guideline ချမှတ်အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက မြန်မာ့ထုတ်ကုန်များကို လူသိများစေရေး၊ မြန်မာ့ထုတ်ကုန်များကို ဂုဏ်ယူစွာအသုံးပြုလာစေရေးနှင့် MSMEs ကဏ္ဍမြှင့်တင်ရေးအတွက် နိုင်ငံပိုင်မီဒီယာများမှ ဇာတ်လမ်းတိုများ၊ အင်တာဗျူးအစီအစဉ်များ၊ Talk Show များ စသည်ဖြင့် အစီအစဉ်များအား ဦးစားပေးထုတ်လွှင့်လျက်ရှိပါကြောင်း၊ “ဒေသတစ်ခု ထုတ်ကုန်တစ်ခု” အစီအစဉ်နှင့် ဒေသအသီးသီးရှိ MSME လုပ်ငန်းများအား သွားရောက်ရိုက်ကူးပြီး အင်တာဗျူးများ၊ ဆွေးနွေးပွဲများ၊ Program များဖြင့်လည်းကောင်း၊ တေးသီချင်းများဖြင့် လည်းကောင်း ရုပ်မြင်သံကြား၊ သတင်းစာနှင့် ဒီဂျစ်တယ်ပလက်ဖောင်းများတွင် ဖော်ပြဆောင်ရွက်လျက်ရှိပါကြောင်း။

 

MSME ထုတ်ကုန်များကို MRTV-HD နှင့် MRTV Entertainment တို့တွင် အပတ်စဉ် ရုပ်ရှင် (၉) ကား၊ ဇာတ်လမ်းတွဲ (၄) တွဲဖြင့် ထည့်သွင်းအသုံးပြုလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းဆိုင်ရာ ဇာတ်လမ်းတို (၁) ပုဒ်၊ စက်မှုကုန်ကြမ်းသီးနှံ (ဝါ၊ ဝါး၊ ရော်ဘာ)နှင့် ဆီထွက်သီးနှံ (နှမ်း၊ နေကြာ၊ ပဲပုပ်) ဆိုင်ရာ အသိပညာပေးဇာတ်လမ်းတို (၄) ပုဒ်၊ ပြည်တွင်း MSME ထုတ်ကုန်အခြေခံရုပ်သံဇာတ်လမ်းတွဲ (၃) တွဲ ရိုက်ကူးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ ကြိုးဖုန်းဆက်သွယ်မှုများ မပြတ်တောက်စေရေး စီမံပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ယခုအခါ မိုဘိုင်းဆက်သွယ်ရေးစနစ်များ ပိုမိုကောင်းမွန်လာပြီး လွယ်ကူစွာအသုံးပြုလာနိုင်သဖြင့် အော်တိုတယ်လီဖုန်းသုံးစွဲမှုများ နည်းပါးလာခဲ့ကြောင်း၊ ပုဗ္ဗသီရိမြို့နယ်တွင် ဒီဂျစ်တယ်အော်တိုအိတ်ချိန်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင်တပ်ဆင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဘက်စုံသုံးအိတ်ချိန်း MSAN ဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခဲ့ပါကြောင်း၊ အဆိုပါအိတ်ချိန်းမှ တယ်လီဖုန်းသုံးစွဲသူများအား ဝန်ဆောင်မှုပေးလျက်ရှိရာ ကြေးကြိုးကေဘယ်လ် သက်တမ်းမှာ ၁၅ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ခြင်းကြောင့် လျှပ်ကူးအရည်အသွေးနိမ့်ကျလာပြီး ကြံ့ခိုင်မှုလည်း လျော့နည်းလာခဲ့ပါကြောင်း။

 

လက်ရှိအသုံးပြုလျက်ရှိသော ကြေးကြိုးကွန်ရက်သုံး ဘက်စုံသုံးအိတ်ချိန်း Multi Service Access Node (MSAN) စနစ်အား OLT စနစ်ဖြင့်အစားထိုး တပ်ဆင်ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် MSAN စနစ်အသုံးပြုထားသော အော်တိုဖုန်းလိုင်းစနစ်မှ ချို့ယွင်းလျက်ရှိသော ကြေးကြိုးကေဘယ်လ်များလဲလှယ်ရန် ကုန်ကျမှု၊ OLT စနစ်အား အပိုင်းလိုက်လဲလှယ်ရန်ကုန်ကျမှုနှင့် OLT စနစ်ဖြင့် အလုံးစုံလဲလှယ်ရန် ကုန်ကျမှုတို့အား အသေးစိတ်နှိုင်းယှဉ်တွက်ချက်ပြီး အကောင်းဆုံးနည်းလမ်းဖြင့် အော်တိုတယ်လီဖုန်းလိုင်း ကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မိုးနဲမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းလင်း၏ ကျိုင်းတောင်းမြို့နှင့် မြို့ကိုဆက်သွယ်ထားသော ဆက်သွယ်ရေးကွန်ရက်များ ပိုမိုကောင်းမွန်စေရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ကျိုင်းတောင်းမြို့ မိုဘိုင်းဆက်သွယ်မှု အဆင်ပြေစေရန် ယခုအခါ Mytel အနေဖြင့် မိုက်ကရိုဝေ့ဗ် အဝေးဆက်ကြောင်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေရာမှ ဖိုင်ဘာကေဘယ်ဆက်ကြောင်းဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း။

 

Mytel မှ ကျိုင်းတောင်းမြို့ရှိ ပြည်သူများ တယ်လီဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်ဝန်ဆောင်မှု များကို ကောင်းမွန်စွာရရှိအသုံးပြုနိုင်ပြီဖြစ်ပါကြောင်း၊ ထို့ပြင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ATOM တို့၏ ဆက်သွယ်ရေးဝန်ဆောင်မှုများကိုလည်း အပြည့်အဝရရှိအသုံးပြုနိုင်စေရန် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

တနင်္သာရီမဲဆန္ဒနယ်မှ ဦးအောင်ဆန်းလွင်၏ မြိတ်မြို့ မြို့မဈေးကြီးအား ပြန်လည်တည်ဆောက် ပေးရန်နှင့် မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းရေးစနစ်များ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်လတ်က မြိတ်မြို့ မြို့မဈေးကြီး အဆင့်မြှင့်တင်ရန် ကျန်ရှိသည့်အလျား ၃၄၇ ပေ၊ အနံပေ ၁၇၀ အား Steel Structure ဖြင့် ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကုန်ကျငွေကျပ် သန်း ၄၈၀၀ ကုန်ကျမည်ဖြစ်ပါကြောင်း။

 

မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၇-၂၀၂၈ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေခွဲဝေရရှိမှုအရ မြို့မဈေးကြီးအား ခေတ်မီအဆင့်မြှင့်ဈေးကြီးအဖြစ် ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး မီးဘေးလုံခြုံရေးအတွက် ဈေးအတွင်း၌ စက်ရေတွင်း ၁ တွင်း၊ ပေ ၃၀ အမြင့် ဂါလန် ၅၀၀၀ ဆံ့ ကွန်ကရစ်ရေစင် ၁ ခုနှင့် ဂါလန် ၆၀၀ ဆံ့ မြေစိုက်အုတ်ရေလှောင်ကန် ၁ ကန်တို့အား ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊ ဈေးအကျိုးဆောင်အဖွဲ့မှ မီးဘေးကာကွယ်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ဖြည့်ဆည်းဆောင် ရွက်ထားရှိပါကြောင်း၊ မြို့မဈေးသန့်ရှင်းရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ် ၁ စီး၊ လုပ်သား ၉ ဦးဖြင့် နေ့စဉ်အမှိုက်သိမ်းဆည်းခြင်း (120 Liter) အမှိုက်ပုံး ၂၀ ဖြင့် ယာယီအမှိုက်စွန့်ပစ်ရန် နေရာများ စီစဉ်ပေးခြင်းနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဈေးအတွင်းအပြင် အမှိုက်ကင်းစင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်အေးအေးမြင့်၏ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ကျန်စစ်သား လမ်းမကြီး၊ ကုန်းဘောင်လမ်းမကြီး၊ မင်းရဲကျော်စွာလမ်းမကြီးနှင့် အမှတ် (၇) လမ်းမကြီးတို့တွင် လမ်းမီးတိုင်များနှင့် လမ်းမီးများတပ်ဆင်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်လတ်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ လမ်းမကြီးများဖြစ်သည့် ကျန်စစ်သားလမ်းမကြီးတွင် အမှတ်(၂)လမ်းဆုံမှ ကုန်းဘောင် လမ်းအထိ လမ်းမီးဓာတ်အားလိုင်း တပ်ဆင်ထားနိုင်ခြင်း မရှိသေးပါကြောင်း၊ ကုန်းဘောင်လမ်းမှ ဗိုလ်မှူး ဗထူးလမ်းအထိ လမ်းမီးဓာတ်အားလိုင်းများ ချို့ယွင်းနေသောကြောင့် အကြီးစားပြုပြင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ကုန်းဘောင်လမ်းမကြီး (ကျန်စစ်သားလမ်းမှ အနော်ရထာလမ်းအထိ) လက်ရှိတွင် လမ်းမီးလုံး (၅၄) လုံး တပ်ဆင်ထားပြီး ဓာတ်အားလိုင်းပျက်စီးနေခြင်း Breaker ချို့ယွင်းနေခြင်းနှင့် လမ်းမီးလုံး ချို့ယွင်းနေခြင်းများအား ယခုနှစ်အတွင်း ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မင်းရဲကျော်စွာလမ်းမ ကြီးတစ်လျှောက်တွင် လမ်းတိုးချဲ့ခြင်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် မလွတ်ကင်းသော ဓာတ်အားလိုင်းတိုင်များ ရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်းလုပ်ငန်းများဆောင်ရွက်ရာတွင် မင်းရဲကျော်စွာလမ်းမကြီး (ဒဂုံတက္ကသိုလ်အဝင်မှ ထန်းတပင်လမ်းဆုံအထိ) လမ်းမီးဓာတ်အားလိုင်း (၁) မိုင်အသစ် တည်ဆောက်တပ်ဆင်သွားမည် ဖြစ်ပါကြောင်း။

 

အမှတ် (၇) လမ်းမကြီး (အမှတ် (၂) လမ်းဆုံမှ ငမိုးရိပ်ချောင်းအထိ) ၂ ဒသမ ၄ မိုင်ခန့်အား လမ်းဦးစီးဌာနမှ လမ်းတိုးချဲ့ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ လမ်းနယ်နိမိတ် အဆုံးထိ ရွှေ့ပြောင်းခဲ့ပြီးဖြစ်ပါကြောင်း၊ နောင်တွင် (၈)လမ်းသွားလမ်းအဖြစ် အဆင့်မြှင့်တင်ရန် လျာထားလျက်ရှိပါသဖြင့် လက်ရှိ ဓာတ်အားလိုင်းတိုင်များတွင် လမ်းမီးတပ်ဆင်ပါက လမ်းလယ်သို့ အလင်းရောင်ကောင်းမွန်စွာမရောက်ရှိနိုင်၍ လမ်းလယ်တွင် လမ်းလယ်ကျွန်းလမ်းမီးတိုင် တပ်ဆင်ထွန်းညှိနိုင်ရေး လမ်းဦးစီးဌာနနှင့် ညှိနှိုင်း၍ စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၏ မင်းလှမြို့နယ် အလယ်ကုန်း - ကန့်လန့်ကုန်းလမ်းအား တာပေါင်ချဲ့ခြင်း၊ ဂဝံခင်းခြင်းနှင့် ၎င်းအပေါ်တွင် ကမ်းကပ်ခုံနှင့် Box Culvert (၂) စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက မင်းလှမြို့နယ် စိန်ပု-အလယ် ကုန်း-ကန့်လန့်ကုန်းလမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ပြည်ထောင်စုမှ စီမံခန့်ခွဲသော လမ်းဖြစ်ပြီး စုစုပေါင်းလမ်းအရှည် ၂ မိုင်ရှိပါကြောင်း။

 

၂ဝ၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြေသားလမ်း ၄ ဒသမ ၃ ဖာလုံအား ဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်ပြီးစီးပါက ကျန်ရှိသော မြေသားလမ်းပိုင်း ၄ ဒသမ ၅၈ ဖာလုံအနက် ၂ ဒသမ ၅ ဖာလုံသည် မိုးတွင်းကာလတွင် သွားလာရခက်ခဲလျက်ရှိပြီး အဆိုပါလမ်းပိုင်းပေါ်ရှိ ကျေးရွာမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားသော Box Culvert (၂) စင်းမှာ ကြမ်းခင်းများ ပျက်စီးနေပြီး ကြံ့ခိုင်မှုမရှိသည့်အတွက် ပြုပြင်ခြင်းလုပ်ငန်းအား ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်အပိုင်း ဂဝံခင်းခြင်း လုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

စဉ့်ကိုင်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ စဉ့်ကိုင် မြို့နယ် ဧည့်ပြ- မက္ခရာ-ကျွန်းဦး- မကျီးကုန်း- ရွာဘို- မီးသွေးဘုတ် ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးသိုက်စိုးက စဉ့်ကိုင်မြို့နယ် ဧည့်ပြ- မက္ခရာ - ကျွန်းဦး - မကျီးကုန်း - ရွာဘို - မီးသွေးဘုတ် လမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် တိုင်းဒေသကြီးမှစီမံခန့်ခွဲသောအဆင့်လမ်းဖြစ်ပြီး စုစုပေါင်း ၉ မိုင် ရှိပါကြောင်း။

 

အဆိုပါလမ်း ၉ မိုင်တွင် ၆ မိုင် ဝ ဒသမ ၁၇ ဖာလုံသည် ပျက်စီးလျက်ရှိပါကြောင်းနှင့် လတ်တလော သွားလာရေးအဆင်ပြေစေရန်အတွက် အမာခံလမ်း ၆ မိုင် ၀ ဒသမ ၁၇ဖာလုံအား ဂျင်းခင်းပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေမှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အမာခံလမ်းအဆင့်မှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်မှစတင်ပြီး တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းအား လတ်တလော ဦးစားပေးအစီအစဉ်၌ မပါဝင်သေးပါကြောင်း ပြန်လည်ဖြေကြားသည်။

 

သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံ၏ သီပေါမြို့နယ် အုံမု - ဘော်ကြိုလမ်းမမှ မူးလေးကျေးရွာ အထိ လမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် အုံမု - ဘော်ကြိုလမ်းမှ မူးလေးကျေးရွာအထိလမ်းသည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ပြည်နယ်မှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး အမာခံလမ်း ၁ မိုင် ၅ ဖာလုံနှင့် မြေသားလမ်း ၃ ဖာလုံ၊ စုစုပေါင်း ၂ မိုင်ရှိပါကြောင်း၊ အဆိုပါ လမ်း ၂ မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပြီးမှသာ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ဘော်ကြို - မူးလေးလမ်း ၂ မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လျာထားတင်ပြသွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားသည်။

 

သဲကုန်းမဲဆန္ဒနယ်မှ ဒေါ်ဥမ္မာမို့မို့ဇော်၏ သဲကုန်းမြို့နယ် လောင့်ကြီးကျေးရွာ ရွာလယ်လမ်းမကြီးအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက သဲကုန်းမြို့နယ် လောင့်ကြီး -ဆင်ကျုံးလမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် တိုင်းဒေသကြီးမှစီမံခန့်ခွဲသော အရှည် ၁ မိုင် ၁ ဖာလုံခန့်ရှိ မြေနီလမ်းဖြစ်ပြီး လက်ရှိလမ်းအခြေအနေမှာ ကောင်းမွန်လျက်ရှိပါကြောင်း၊ ကျေးလက်လမ်းမဟာဗျူဟာအရ ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစားပေးဆောင်ရွက်ရန် များစွာရှိနေပါသဖြင့် ရန်ပုံငွေရရှိမှုအခြေအနေအရ ကွန်ကရစ်လမ်းအဖြစ် လတ်တလောအဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်းက မြန်မာ - ဘယ်လာရုစ်၊ မြန်မာ - အင်ဒိုနီးရှား၊ မြန်မာ - တောင်ကိုရီးယား၊ မြန်မာ - ကာဇက်စတန်၊ မြန်မာ - မလေးရှားနှင့် မြန်မာ - ရုရှားလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များ ဖွဲ့စည်းရန်နှင့် အဖွဲ့ဝင်ဦးရေ၊ အမည်စာရင်းများ၊ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၏ အမည်စာရင်းများကို လွှတ်တော်သို့တင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအဖွဲ့များတွင် ပါဝင်သည့်အဖွဲ့ဝင်ဦးရေ၊ အမည်စာရင်းများ၊ အဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၏ အမည်စာရင်းများကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၅ ရက်မြောက်နေ့ကို နိုဝင်ဘာ ၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

မူရင်းသတင်း — Myanmar Digital News