Myanmar Transparency News

လမ်းဘေး ရပ်ထားတဲ့ ကွန်တိန်နာယာဉ်ကို ပရာဒိုက နောက်ကဝင်တိုက်ရာမှ ယာဉ်မောင်းနှင်လာသူ အမျိုးသား နေရာတင်သေဆုံး

၉.၂.၂၀၂၅
Written by Hey Mar

လမ်းဘေးရပ်ထားတဲ့ ကွန်တိန်နာယာဉ်ကို ပရာဒို အမျိုးအစားအိမ်စီးယာဉ်ငယ်တစ်စီးက ဝင်တိုက်ရာမှ ယာဉ်မောင်း‌ သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၇ နာရီကျော်အချိန်က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာ၊ ဇေကမ္ဘာစက်မှုဇုန်၀န်းအနီး လမ်းဘေးမှာ ရပ်ထားတဲ့ ကွန်တိန်နာကားကို လမ်းမအတိုင်း အသက် ငါးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးတည်းမောင်းနှင်လာတဲ့ ကားတစ်စီးက ဝင်ရောက်တိုက်မိတာလို့ သိရပါတယ်။

“အရှိန်အတော်ပြင်းပုံရတယ်။ ဒီလိုဖြစ်ပြီဆိုရင် သောက် စားပြီး မောင်းတယ်ထင်ကြတာပေါ့။ အတိအကျက စစ်ဆေးကြည့်မှ သိမယ်ဆိုပေမယ့် သူ့အသက်အရွယ်နဲ့က မောင်းလာရင်း ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာ ဒါမျိုးလည်း ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ လူက ကားထဲညပ်ပြီး မနည်းဆွဲထုတ်ရတယ်။ နံရိုးတွေ ကျိုးကုန်တယ်။ နေရာတင်သေဆုံးတာပါ “လို့ ပုလဲ အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ယာဉ်နဲ့ မေဓါဝီဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ကာ ဆေးရုံက PR-100 နဲ့ လက်ခံထားရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News