Myanmar Transparency News

မြဝတီမြို့နယ်အတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၀ ဦးကို DKBA က ထိုင်းအစိုးရထံ ယနေ့ လွှဲပြောင်း

၁၂.၂.၂၀၂၅
Written By Zun

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၀ ဦးကို ထိုင်းအစိုးရထံ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) က ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် လွှဲပြောင်းလိုက်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အမျိုးသား ၂၂၁ ဦးနှင့် အမျိုးသမီး ၃၉ ပါဝင်သော လူကုန်ကူးခံ နိုင်ငံခြားသားများမှာ အီသီယိုးပီးယားနိုင်ငံသား ၁၃၈ ဦး၊ ကင်ညာနိုင်ငံသား ၂၃ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၁၆ ဦး၊ မလေးရှားနိုင်ငံသား ၁၅ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁၂ ဦးနှင့် တရုတ်နိုင်ငံသား ၁၀ ဦးတို့ အပြင် တန်ဇန်းနီးယား၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ နိုင်ဂျီးရီးယား၊ ဂါနာနှင့် အိန္ဒိယ တို့မှ တစ်ဦးစီပါဝင်သည်ဟု Khaosod သတင်းဌာနက ကနဦးဖော်ပြသည်။

လူကုန်ကူးခံရသူ ၂၆၀ ဦးအား ဘုန်းတော်ကြီးများနှင့် တွေ့ဆုံ၍ လူကုန်ကူးမှု စိစစ်ရေးစနစ်သို့ ဆက်လက်ပို့ ဆောင်ရန် ခရိုင်သို့ ထိုင်းတပ်မတော်က စစ်ကား ၁၈ စီးဖြင့် စောင့်ဆိုင်း သယ်ဆောင်သွားကြကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသားများအား ဖွန်ဖရာခရိုင်ရုံးသို့ ခေါ်ဆောင်ပြီး ယင်းကတစ်ဆင့် မဲဆောက်ခရိုင် နယ်ခြားစောင့်ရဲ တပ်ခွဲတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

မူရင်းသတင်း — Myanmar Transparency News