Myanmar Transparency News

ဘာတာစျေးမီးလောင်မှု လုံခြုံရေးအတွက်ထွန်းထားသော LED မီးလုံး၏ ဆားကစ်ပြား ရှော့ခ်ဖြစ်ရာမှ ဆိုင်ခန်း ၃၄၀ကျော် မီးလောင်ခဲ့ကြောင်း စုံစမ်းတွေ့ရှိ

၁၆.၂.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းပေါ်ရှိ လှိုင်ရတနာစျေး(ခ) ဘာတာဈေးတွင် ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော ဆိုင်ခန်းပေါင်း ၃၄၀ ကျော်ဆုံးရှုံးခဲ့သော မီးလောင်မှုမှာ စျေးလုံခြုံရေးအတွက် ထွန်းထားသော LED မီးလုံး၏ ဆားကစ်ပြား ရှော့ခ်ဖြစ်၍ မီးပွားထွက်ရာမှ မီးလောင်ခဲ့​​ခြင်း​​ဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

စျေးရုံ(၁၁)၏ အတွင်းလျှောက်လမ်းအမိုးတွင် စျေးလုံခြုံရေးအတွက် ထွန်းထားသော LED မီးလုံးအတွင်းရှိ ဆားကစ်ပြား ရှော့ခ်ဖြစ်၍ မီးပွားထွက်ပြီး ဆိုင်ခန်းတစ်ခန်း၏ ပလတ်စတစ်အမိုးပေါ်ကျရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့​​ခြင်း​​ဖြစ်သည်။

မီးလောင်မှုကြောင့် ဘာတာစျေးတွင် စျေးရုံ ၁၅ ရုံရှိသည့်အနက် သွပ်မိုး၊ ပျဥ်ထောင်၊ ကွန်ကရစ်ခင်း စျေးရုံ ၆ ရုံရှိ ၅ ပေပတ်လည် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်၊အထည်ဆိုင်၊ အလှကုန်ဆိုင်၊ ကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်နှင့် ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များပါဝင်သော ဆိုင်ခန်းပေါင်း ၂၂၈ ခန်းနှင့် မြေစိုက်ပျံကျ​စျေးရုံရှိ ပျံကျဆိုင်ခန်း ၁၂၀ စုစုပေါင်းဆိုင်ခန်း ၃၄၈ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ် ၅၀ ကျော်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ်၊ ရေသယ်ယာဥ်၊ အထောက်အကူပြုယာဥ်နှင့် ကွပ်ကဲမှုယာဥ်များအပါအဝင် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြသည်။

ဘာတာစျေးမီးလောင်မှုနှင့်ပတ်သက်၍ အသက် ၅၂ နှစ်အရွယ် စျေးတာဝန်ခံ ဦးတင့်ဆွေကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် လှိုင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News