Myanmar Transparency News

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂ဝဝ ဦး ထပ်မံထိန်းသိမ်းခဲ့၍ ၂၈ ရက်အတွင်း ၂,၇၃၈ ဦး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

၂၇.၂.၂၀၂၅
Written by Nyein Kyaw

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင် ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ KK Park နှင့် မယ်ထော်သလေးနယ်မြေများတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၀၀ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၂,၇၃၈ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၇၃ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂,၀၆၅ ဦးကို သက်ဆိုင်ရာနိုင်ငံများ သို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်း သိရရှိသည်။

မူရင်းသတင်း — Myanmar Transparency News