Myanmar Transparency News

မန္တလေးတွင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏စတိုခန်းအတွင်း ဘတ္ထရီအပူလွန်ကဲရာမှ မီးလောင်မှု ယနေ့ဖြစ်ပွား၊ ဆောက်လုပ်ရေးတာဝန်ခံအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထား

၉.၃.၂၀၂၅
Written By Zun

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာ၊ ဆောက်လုပ်ရေးကုမ္ပဏီတစ်အတွင်းရှိ စတိုခန်းတွင် ယနေ့မတ်လ ၉ ရက်နံနက် ၈ နာရီခွဲခန့်က ဘတ္ထရီအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘတ္ထရီအဟောင်းများနှင့် သံထည်ပစ္စည်း ရောနှောစုပုံထားရာတွင် ဘတ္ထရီအိုးဟောင်းများပေါ် သံထည်ပစ္စည်းများ ပြုတ်ကျခဲ့ပြီး ဘတ္ထရီအိုးအပ်ဝင်၍ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနအသိုင်းအဝိုင်းက သိရသည်။

ယင်းမီးလောင်မှုကြောင့် ပေ ၂၀ ပတ်လည်သွပ်မိုး၊ ကျောက်ပြားကာ၊ မြေစိုက်ပစ္စည်းအဟောင်းများထားသည့် စတိုခန်း(၁)ခန်းနှင့်ပစ္စည်းအဟောင်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ဒီမီးလောင်မှုက ပျက်စီးမှုမများပေမဲ့ ပေါ့ဆတာကြောင့် အရေးယူခံရမှာပါ။ ရာသီဥတုပူလာပြီဖြစ်လို့ မီးလောင်လွယ်တဲ့ပစ္စည်းတွေကို စနစ်တကျထားဖို့လိုပါတယ်”ဟု မီးသတ်ဦးစီးနှင့်နီးစပ်သူက MT News ကိုပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ပုသိမ်ကြီးမြို့နယ်မီးသတ်ဦးစီးက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကန်ကောက်အရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မိုင်ကုန်းအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁) စီး၊ သန္ဓေ(၂၀)ဦး၊ အရန်(၃၀)ဦးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစဥ်နှင့်ပတ်သက်၍ အသက် ၄၁ နှစ်အရွယ် ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံအား မီးပေါ့ဆစွာ သုံးစွဲခဲ့မှုဖြင့်(ပ) နံပါတ် (၂၆/၂၀၂၅) ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News