Myanmar Transparency News

မြိတ်-ထားဝယ် လမ်းမကြီးတွင် ကုန်တင်ယာဉ်နှင့် Light truck တိုက်မိရာမှ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ

၁၁.၃.၂၀၂၅
Written By Zun

မြိတ်-ထားဝယ် လမ်းမကြီးတွင် ကုန်တင်ယာဉ်နှင့် Light truck တို့ တိုက်မိရာမှ နှစ်ဦးသေဆုံးမှု ယမန်နေ့ မတ်လ ၁၀ ရက် ညနေက ဖြစ်ပွားခဲ့ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းမကြီး
ပန်းပြင်ကျေးရွာနှင့် သရက်နှစ်ခွကျေးရွာကြား ယမန်နေ့ မတ်လ ၁၀ ရက် ညနေ ၃ နာရီခန့်အချိန်က မြိတ်ဘက်မှ လာသည့် ကုန်တင်ယာဉ်နှင့် ထားဝယ်ဘက်မှ လာသည့် Light truck အမျိုးအစားယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူများ ညပ်နေကြောင်း တာဝန်သိသူပြည်သူမှ သတင်းပေးပို့ အကူအညီတောင်းခံခဲ့သည့်အတွက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ဦးဆောင်ကာ ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် Hand cutter, Axe,
မီးငြိမ်းသတ်နိုင်ရန် 9 kg extinguisher , potable fire water pump များ၊ ထောက်ပံ့ရေးယာဉ်၊ အရေးပေါ်လူနာတင်ယာဉ် တို့ဖြင့် သွားရောက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် Light truck ယာဉ်၏ရှေ့ခန်း၌ လိုက်ပါလာသည့် အသက် ၃၀ နှင့် အသက် ၄၀ နှစ် ကြား အရွယ်ရှိ အမျိုးသမီးနှစ်ဦး ညပ်မိနေသည့်ဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ မည်သူမည်ဝါဖြစ်သည်ကိုစုံစမ်းနေဆဲဖြစ်ပြီး ရုပ်အလောင်းများကို သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံတွင် ပို့ဆောင်ထားကြောင်းသိရသည်။

ယင်းအပြင် အဆိုပါ Light truck ယာဉ်၏ ယာဉ်မောင်း အမျိုးသားမှာ ဒဏ်ရာပြင်းထန်သည့်အတွက် သရက်ချောင်းမှတစ်ဆင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

“ကားအသေးက အားလုံးကြေတာပေါ့။ ကုန်ကားကတော့ ခံသာတယ်။ မောင်းလာတာကလည်း အရှိန်များတယ်လို့ယူဆရပါတယ်”ဟု ယင်းအသင်း၏အဖွဲ့ဝင်က MT News ကိုပြောသည်။

ဓာတ်ပုံ – ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့

မူရင်းသတင်း — Myanmar Transparency News