Myanmar Transparency News

အရေးပေါ် ပရဟိတလူနာတင်ယာဉ် သစ်ပင်ဝင်တိုက်ကာ မတော်တဆမှုဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါ လူနာ သေဆုံး

၁၅.၃.၂၀၂၅
Written by Hey Mar

ရန်ကုန်ဆေးရုံကြီးကနေ နေရပ်ပြန်လူနာ လာရောက်ခေါ်ဆောင်တဲ့ ပရဟိတ အသင်းကားတစ်စီး အရှိန်လွန်သစ်ပင်ဝင်တိုက်မှုကြောင့် လာရောက်ခေါ်ဆောင်တဲ့ လူနာသေဆုံးပြီး ယာဉ်ပေါ်ပါ လူငါးဦးလည်း ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ် မတ်လ ၁၄ ရက် နေ့ခင်း ၃ နာရီ ကျော်အချိန်ခန့်က ရန်ကုန်မြို့၊ သခင်မြပန်းခြံမီးပွိုင့်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ကျိုက်လတ်မြို့၊ ရှမ်းကျောင်းစာသင်တိုက်အရှေ့ပိုင်းလူငယ်လူမှုကူညီရေးအသင်းကားက ခရီးသည်တင်ယာဉ်ကို ကျော်တက်ရင်း သခင်မြပန်းခြံ EV ကား အားသွင်းစင်တာ‌ထောင့်က သစ်ပင်ကို အရှိန်လွန်ကာ ဝင်ရောက်တိုက်မိတာလို့ သိရပါတယ်။

ဖြစ်စဉ်အတွင်း မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ပရဟိတအသင်းသားတစ်ဦးက “ကားက စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်သွားတယ်လို့တော့ အကြမ်းဖျင်းသိရတယ်။ ကားစတီယာတိုင်က လှည့်မရဖြစ်ပြီး ဝင်တိုးသွားတာလို့တော့ ပြောတယ်” လို့ ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်‌ကြောင့် ယာဉ်ပေါ်ပါ အသက် ၅၀ ကျော်အရွယ် လူနာအမျိုးသား သေဆုံးကာ ပရဟိတအသင်းယာဉ်မောင်းအပါအဝင် ကျား (၄)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် အလုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးဆောင်ကာ ယာဉ်ပေါ်မှ ညပ်နေတဲ့ ယာဉ်မောင်းကို စက်ကိရိယာအကူအညီတွေနဲ့ ဖြတ်ထုတ် ကူညီခဲ့ပြီး အလုံမြို့နယ် ကြက်ခြေနီအသင်းနဲ့ ပရဟိတအသင်းတချို့ ပူးပေါင်းကူညီကာ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

အဲဒီ အရေးပေါ် လူမှုကူညီရေးယာဉ်မတော်တဆမှုကို ရိုက်ကူးပြီး လူမှုကွန်ရက်ပေါ်တင်ထားတဲ့ Video ဖိုင်တစ်ဖိုင်ရဲ့ အောက်မှာလည်း လူနာတင်ယာဉ် ပရဟိတ အသင်းကားတွေ အမောင်းကြမ်းကြောင်း၊ မကျွမ်းကျင်သူတွေ တက်ရောက်မောင်းနှင်ကြောင်း စသဖြင့် မှတ်ချက်တချို့လည်း တွေ့မြင်ရပါတယ်။

မူရင်းသတင်း — Myanmar Transparency News