Myanmar Transparency News

ထိုင်းနိုင်ငံရောက် တရားမဝင်အလုပ်သမားများကို ဝန်ကြီးကိုယ်တိုင် ဆင်းဖမ်း၊ မြန်မာလုပ်သား ၆ ဦး ဖမ်းဆီးခံရ

၁၆.၃.၂၀၂၅
Written By Zun

ထိုင်းနိုင်ငံရောက် တရားမဝင်အလုပ်သမားများကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးကိုယ်တိုင် ဆင်း၍ ယမန်နေ့ မတ်လ ၁၅ ရက်က စစ်ဆေးဖမ်းဆီးမှု ပြုလုပ်စဉ် မြန်မာအလုပ်သမား ၆ ဦး အဖမ်းခံရ ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန​၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများက ဖော်ပြကြသည်။

ထိုင်းအလုပ်သမားဝန်ကြီး ဖိဖတ်ရတ်ချကစ်ပါရကန် (Phiphat Ratchakitprakarn) ပါဝင်သော ပူးပေါင်းအဖွဲ့က တရားမဝင် အလုပ်သမားပပျောက်ရေး စီမံချက်ဖြင့် ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်၊ ကော့စမွီမြို့နယ်သို့ သွားရောက်၍ လုပ်ငန်းခွင် ၁၅ ခုကို ရှောင်တခင် သွားရောက် စစ်ဆေးရာတွင် အထက်ပါ အတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မြေပြင်သို့ ရှောင်တခင်ကွင်းဆင်းခဲ့သည့် စီမံချက်အတွင်း စစ်ဆေးခဲ့သည့် လုပ်ငန်းခွင် ၁၅ ခုတွင် နိုင်ငံခြားသား ၂၅၁ ဦး အလုပ်လုပ်ကိုင်နေကြပြီး ယင်းအထဲတွင် ခွင့်ပြုထားသည့်လုပ်ငန်းအမျိုးအစားကို မလုပ်သည့် မြန်မာအလုပ်သမား ၆ ဦး ၊အလုပ်လုပ်ကိုင်ခွင့် ပါမစ် (WP)မရှိသော ရုရှားနိုင်ငံသား ၂ ဦးတို့ကို တွေ့သောကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားပပျောက်ရေးအတွက် ရှောင်တခင် စစ်ဆေးမှုများကို ဆက်တိုက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိသည့် နိုင်ငံခြားသားအလုပ်သမားများအား ဖမ်းမိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ပြစ်ဒဏ်ချမှတ်၍ နေရပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းလုပ်ငန်းရှင်များအနေဖြင့်လည်း တရားမဝင် နိုင်ငံခြားသားအလုပ်သမားလက်ခံပါက ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ပြီး ပြစ်ဒဏ်ကိုအကြိမ်ကြိမ်ကျူးလွန်ပါက ထောင်ဒဏ် (၁)နှစ်(သို့) ဒဏ်ငွေ ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိ ပြစ်ဒဏ်ချမှတ်ခြင်းခံရမည့်အပြင် အလုပ်သမားငှားရမ်းခွင့်(၃)နှစ် ပိတ်သိမ်းခြင်းခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News