Myanmar Transparency News

မန္တလေးမှာ ကျောင်းနေဆရာတော်က တစ်ပါးနေကျောင်းဆောင်ထဲ ပုပ်ပွသေဆုံးနေ

၁၇.၃.၂၀၂၅
Written by Hey Mar

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ သစ္စာရွှေပြည်ဘုန်းကြီးကျောင်းမှ ကျောင်းနေဆရာတော်တစ်ပါး ပုပ်ပွသေဆုံးနေလို့ လူမှုကူညီရေးအသင်းက ရုပ်အလောင်းသွားရောက်သယ်ဆောင်ရှင်းလင်းပေးရမှု ဒီနေ့ မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဧရာမေတ္တာ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

အဆိုပါ ဆရာတော်မှာ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က သေဆုံးပုံရတယ်လို့ ခန့်မှန်းရပြီး ရုပ်အလောင်းမှာ ပျက်စီးနေကာ အပုပ်နံ့ထွက်လာလို့ သူသီတင်းသုံးရာ တစ်ပါးနေကျောင်းဆောင်ထဲ ဖွင့်ဖျက်ဝင်ကြည့်ရာက ကျောင်းကလည်းသေဆုံးမှန်းသိတာ‌ကြောင့် သက်ဆိုင်ရာကို အကြောင်းကြားလာတာလို့ ဆိုပါတယ်။

ရုပ်အလောင်းသွားရောက်သယ်ဆောင်ပေးသူ ဧရာမေတ္တာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သေဆုံးရတဲ့ အခြေအနေတော့ သက်ဆိုင်ရာက မထုတ်ပြန်သေးလို့ သေချာမသိဘူး။ ဒီရာသီမှာ သောက်သောက်စားစားဆို ရောဂါအခံရှိရင် အသက်အန္တရာယ်ရှိပါတယ်။ ကျွန်တော်တို့အသင်းက အလောင်းက အရိအရည်တွေ၊ သံဃာ ရှိစဉ်က အခန်းတွင်း ကျင်ကြီးစွန့်ထားပုံရတဲ့ အရာတွေက အစ ရှင်းလင်းဆေးဖျန်းပေးတာတွေ လုပ်ပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။

အဆိုပါ ပုပ်ပွသေဆုံးနေတဲ့ ဆရာတော်ရဲ့ မိသားစုဝင်တွေကို အသင်းကပဲ ကူညီချိတ်‌ဆက်ပေးခဲ့ပြီး ရုပ်အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News