Myanmar Transparency News

လှည်းတန်းက လူကူးကုန်းတံတားပေါ် Selfie ရိုက်တဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ် ဖုန်းလွတ်ကျလို့ လှမ်းဖမ်းရာက ပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန်ရ

၁. ၄. ၂၀၂၅
Written by Thettant

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်က လှည်းတန်းလူကူးကုန်းတံတားပေါ်ကနေ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦး Selfie ရိုက်ချိန် ဖုန်းလွတ်ကျလို့ လှမ်းဖမ်းရာက လူပါပြုတ်ကျခဲ့မှု ဒီနေ့လယ်က ဖြစ်ပွားခဲ့တယ်လို့ ကနဦးသိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဧပြီလ ၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်အချိန်ခန့်က ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်က လှည်းတန်းလူကူးကုန်းကျော်တံတားပေါ် အသက် ၁၉ နှစ်အရွယ် မယွန်းနဒီဆိုတဲ့ အမျိုးသမီးငယ်ဟာ Selfie ဓာတ်ပုံရိုက်နေရင်း ဖုန်းလွတ်ကျလို့ လှမ်းဖမ်းရာက အရှိန်လွန်ကာ အမြင့်(၁၈)ပေရှိ တံတားပေါ်ကနေ တံတားအောက် လမ်းမပေါ် ပြုတ်ကျခဲ့တာပါ။

မယွန်းနဒီရဲ့ဖုန်းက ကားတစ်စီးပေါ်ပါသွားခဲ့ပြီး သူမကလည်း စိုးရိမ်ဒဏ်ရာတွေ ရခဲ့တာကြောင့်
လှည်းတန်းလူမှုကူညီရေးပရဟိတအသင်းက ရန်ကုန်ဆေးရုံကြီးကို ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

(Photo – Tyler Win)

မူရင်းသတင်း — Myanmar Transparency News