Myanmar Transparency News

ငလျင်ဒဏ်ခံထားရလို့ ဆက်လက်သုံးစွဲဖို့ မသင့်တော်တဲ့ ဘုန်းကြီးကျောင်းကုဋီ ဖြိုဖျက်ရာက ကွန်ကရစ်တုံးပိကာ အမျိုးသားတစ်ဦးသေဆုံး

၂၅.၄.၂၀၂၅
Written by Hey Mar

ငလျင်ကြောင့် အက်ကွဲပျက်စီးခဲ့တဲ့ ဘုန်းကြီးကျောင်း အိမ်သာကို ဖြိုဖျက်စဉ် အိမ်သာကွန်ကရစ်အမိုး ပြိုကျကာ ဖြိုဖျက်နေသူ အမျိုးသားအ‌ပေါ် ပိမိ‌ သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဧပြီ ၂၅ ရက်နေ့က မန္တ‌လေးတိုင်း ပြင်ဦးလွင်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၆)၊ အောင်မြေဇေယျာ စာသင်တိုက်မှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူက ကုဋီတစ်လုံး ဖြိုဖျက်တာကို လုပ်အားပေးနေစဉ် အခုလို ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“သေဆုံးသူက အသက် ၃၅ နှစ်အရွယ်ပါ။ ဘုန်းကြီး ကျောင်းမှာ လုပ်အားလာပေးရင်း အခုလိုဖြစ်တာပါ။ ဇက်ကျိုး၊ ခေါင်းပေါက် သွေးထွက်ဒဏ်ရာတချို့ တွေ့ရပါတယ်။ အုတ်ပုံကိုဖယ်ပြီး ထုတ်ယူရတဲ့အချိန်မှာ အသက်ပါမလာတော့ပါဘူး” လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ကုဋီဟာ မတ်လ ၂၈ ရက်နေ့က အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဒဏ်ကိုခံထားရတာကြောင့် ဆက်လက်သုံးစွဲဖို့ မသင့်‌တော်လို့ ဖြိုဖျက်ရာကနေ မတော်တဆဖြစ်ကာ လူသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းကပဲ ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News