Myanmar Transparency News

မီးအားမြှင့်စက်အပူလွန်ကဲရာမှ ကားအလှဆင်လုပ်ငန်းမီးလောင်မှု တောင်ဥက္ကလာတွင် ဖြစ်ပွား

၁၂.၅.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ဝေဇယန္တာလမ်းရှိ ကားအလှဆင်လုပ်ငန်းတွင် မေလ ၁၂ ရက် နံနက်အစောပိုင်းက မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ၁၈ ပေ၊ အနံ ပေ ၅၀ Steel Structure အုပ်ညှပ် တစ်ထပ် အဆောက်အအုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးအားမြှင့်စက် အပူလွန်ကဲရာမှဘေးရှိ ကားမှန်စတေကာများကို မီးကူးစက်၍ လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မိနစ် ၃၀ ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် အုတ်ညှပ် တစ်ထပ်အဆောက်အအုံ၊ အတွင်းပစ္စည်းများ၊ မော်တော်ယာဥ် အင်ဂျင်ခန်းနှင့်အတွင်းခန်း၊RC နှစ်ထပ်တိုက် အပေါ်ထပ် ခေါင်းရင်းခြမ်း မျက်နှာကြက်၊​ မြှားတန်းတို့ မီးလောင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီမထိုးမီ ၁၅ မိနစ်အလိုတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ကားအလှဆင်လုပ်ငန်းမီးလောင်မှုကြောင့် အသက် ၂၈နှစ်အရွယ် ဆိုင်ဝန်ထမ်း အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

မူရင်းသတင်း — Myanmar Transparency News