Myanmar Transparency News

ကျိုက်ထီးရိုးဘုရားဖူးပြန်ယာဉ်နဲ့ ဟိုင်းလပ်ယာဉ် မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ လူနှစ်ဆယ်ကျော် ဒဏ်ရာရ

၁၄. ၅ .၂၀၂၅
Written by Hey Mar

ကျိုက်ထီးရိုးဘုရားဖူးက ပြန်လာတဲ့ အန်စာတုံးအမျိုးအစားယာဉ်နဲ့ ထားဝယ်မြို့ဘက်ကနေ ထွက်ခွာလာတဲ့ Toyota Vigo အမျိုးအစား ဟိုင်းလပ်ယာဉ်တို့ ရေဖြူမြို့နယ်၊ ရာဖူးရွာအုပ်စုအနီးမှာ မျက်နှာချင်းဆိုင်တိုက်မိပြီး တစ်ဦးသေဆုံးကာ ၂၃ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဇမ္ဗူသီရိ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်၊ ရေဖြူမြို့နယ်၊ ရာဖူးရွာအုပ်စု၊ လော့သိုင်းကျေးရွာနဲ့ ကျောက်ကဒင်ကျေးရွာကြား မိုင်တိုင်အမှတ် (၁၁၈) အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်မိတဲ့အရှိန်‌ကြောင့် အန်စာတုံးယာဉ်ပေါ်ပါ ခရီးသည် သံဃာ ၂၄ ဦးမှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးက‌တော့ အခင်းဖြစ်နေရာကနေ ဆေးရုံတင်ပို့နေစဉ်မှာပဲ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဇမ္ဗူသီရိ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “လူနာများတော့ ရေဖြူဘက်ကရော၊ ထားဝယ်၊ တနင်္သာရီ အခြေပြု လူမှုကူညီရေးအသင်းတွေ အကုန်နီးပါးထွက်လာကြတယ်။ ကျွန်တော်တို့အသင်းက သုံးစီးထွက်တယ်။ သံဃာတစ်ပါးနဲ့ အမျိုးသမီးကြီး တစ်ဦး၊ အမျိုးသမီးငယ်တစ်ဦး သယ်လာပေးခဲ့တယ်။ သံဃာတစ်ပါးကတော့ အခြေအနေ အတော်စိုးရိမ်ရတယ်” လို့ MT News ကို ပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ‌တွေကို ကလိန်အောင်တိုက်နယ်ဆေးရုံဆီ ကနဦးပို့ဆောင်‌ပေးခဲ့ပြီး ကလိန်အောင်တိုက်နယ်‌ဆေးရုံက တစ်ဆင့်လွှဲပြောင်းတဲ့ အရေးပေါ်လူနာတွေကိုလည်း ထားဝယ်ဆေးရုံကိုလိုက်လံ ပို့ဆောင်ပေးရကြောင်းလည်း သိရှိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News