Myanmar Transparency News

အလိုမတူဘဲ ရတဲ့သမီးငယ်မို့ ဆယ်ကျော်သက်မိခင်က မစောင့်ရှောက်ချင်သလို စောင့်ရှောက်နိုင်တဲ့ အင်အားလည်းမရှိတာမို့ ပရဟိတအသင်းထံ အပ်နှံ

၁၈.၅.၂၀၂၅
Written by Hey Mar

ဆယ်ကျော်သက်မိခင်က ဖခင်အမည်မဖော်လိုဘဲ ကလေးမွေးကာ မွေးကင်းစသမီးငယ်ကို တောင်ငူက Save The Trees Rescue Team ထံစောင့်ရှောက်ပေးဖို့ ပေးအပ်အကူအညီတောင်းခံလာတယ်လို့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အဆိုပါအသင်းတာဝန်ရှိသူက ဆိုပါတယ်။

ကလေးမိခင်က အသက် ဆယ့်ရှစ်နှစ်မပြည့်သေးတဲ့ ငယ်ရွယ်တဲ့မိန်းကလေးငယ်တစ်ဦးဖြစ်နေတဲ့အပြင် အခုကိုယ်ဝန်ဆောင်မွေးဖွားရတဲ့ကလေးငယ်က အလိုမတူဘဲ ရရှိလာတဲ့ ကိုယ်ဝန်ကနေ မွေးဖွားရတာမို့ မစောင့်ရှောက်နိုင်သလို မိခင်ကိုယ်တိုင်ကလည်း စောင့်ရှောက်နိုင်တဲ့ အင်အားမရှိဘဲ နွမ်းပါးချို့တဲ့တယ်လို့ သိရပါတယ်။

Save The Trees Rescue Team မှ ကိုကျော်သူရက “ပဲခူးတိုင်းထဲက ဆေးရုံတစ်ခုမှာပဲ မွေးဖွားဖို့ရော၊ မွေးစရိတ်ကအစ ကူညီပေးလိုက်ပါတယ်။ အခုလည်း ကလေးကို ကျွန်တော့်လက်ထဲ အပ်ချင်တယ်ပေါ့။ ကျွန်တော် အသင်းမှာ ကိုယ်တိုင်ပြုစု ပျိုးထောင်ပေးနေတာလည်းရှိသလို နီးစပ်ရာ ကလေးစောင့်ရှောက်ရေးဂေဟာ ပို့ပေးတာ၊ သင့်တော်ကောင်းမွန်တဲ့ မိဘရှာပေးပြီး သေသေချာချာ သက်ဆိုင်ရာကနေတစ်ဆင့် မွေးစားစေတာမျိုးနဲ့ ကူညီခဲ့ဖူးတာရှိပါတယ်။ အခု သမီးလေးလည်း အဲ့ဒီလိုပဲ ကူညီပေးရမှာပေါ့။ မိခင်ကလည်း ကလေးသာသာအရွယ်ပါပဲ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ကလေးက ခြောက်ပေါင်ရှိတဲ့ သမီးမိန်းကလေးဖြစ်ကာ မိခင်ရော ကလေးပါ ကျန်းမာတယ်လို့လည်း သိရပါတယ်။ ဆေးရုံဆင်းရင်တော့ မိခင်က သူ့မိဘအိမ် သူပြန် မှာ ဖြစ်သလို ကလေးအတွက်လည်း မိဘရင်ခွင်တစ်ခု Save The Trees Rescue Team က ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News