Myanmar Digital News

ဘက်စုံပို့ဆောင်ရေးလုပ်ငန်းရှင်များ တာဝန်ရှိမှု အာမခံအမျိုးအစားသစ်မိတ်ဆက်ပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၃

 

ဘက်စုံပို့ဆောင်ရေးလုပ်ငန်းရှင်များ တာဝန်ရှိမှု အာမခံ (Multimodal Transport Operators’ Liability Insurance) အမျိုးအစားသစ် စျေးကွက်သို့ တရားဝင်မိတ်ဆက်ခြင်းနှင့် ပြည်သူလူထုသို့ အသိပေး ကြော်ငြာခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ကျင်းပသည်။

 

ယနေ့ခေတ် မြန်မာ့စီးပွားရေးနှင့် တာဝန်ယူမှုရှိသော ပို့ဆောင်ရေးလုပ်ငန်းများတွင် စာချုပ်တစ်ခု တည်းဖြင့် ခရီးစဉ်တစ်လျှောက် သယ်ယူပို့ဆောင်ရေး နည်းလမ်းတစ်ခုထက်မက အသုံးပြုသည့် ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်းရှင်များ (Multimodal Transport Operators-MTOs)အနေဖြင့် ခရီးစဉ်စတင်ချိန်မှ တည်နေရာသို့ မရောက်ရှိမီအထိ ကုန်စည်များဆုံးရှုံးမှု၊ ပျက်စီးမှု၊ ကြန့်ကြာမှုများနှင့် ပတ်သက်၍ ကြီးမားသော ဥပဒေအကြောင်းဆိုင်ရာ တာဝန်ရှိမှု(Legal Liability)ကို ရင်ဆိုင်ကြရကြောင်း၊ ထိုဆက်စပ် လုပ်ငန်းစဉ်များကို ထိရောက်စွာ ဖြေရှင်းနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းအေးချမ်းစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဤအာမခံအမျိုးအစား သစ်ကို နိုင်ငံတော်က ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က ယနေ့မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတကာကုန်သွယ်မှုစနစ်(Global Supply Chain)တွင် ရေကြောင်း၊ ကုန်းကြောင်း၊ ရထားလမ်း၊ လေကြောင်း ဟူ၍ သီးခြားစီခွဲခြားဆောင်ရွက်နေသည့် ခေတ်ကာလ ကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး ကုန်စည်များကို စတင် ထုတ်လုပ်သည့်နေရာမှ စားသုံးသူထံသို့ အချိန်တို အတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ပို့ဆောင်နိုင်ရန်အတွက် ပို့ဆောင်ရေး ပုံစံအမျိုးမျိုးကို ချိတ်ဆက်အသုံးပြုသည့် ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ် (Multimodal Transport System) သည် မရှိမဖြစ် အဓိကမောင်းနှင်အား ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားပြီး အာမခံအမျိုး အစားသစ်ကို ပြည်ထောင်စုဝန်ကြီးက Digital Opening System ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။

 

ထို့ပြင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ရန်ကုန်စတော့အိတ်ချိန်း(Yangon Stock Exchange- YSX)သို့ရောက်ရှိကာ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၊ အကြိုစာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာရောင်းဝယ်မှုအခြေအနေများကို ကြည့်ရှု၍ မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်စတော့ အိတ်ချိန်းနှင့် မြန်မာ့ငွေချေးသက်သေခံလက်မှတ် များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီတို့မှ တာဝန်ရှိသူများအားတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ဘဏ်လမ်းရှိ အကောက်ခွန်ဦးစီးဌာနသုံးထပ် ရုံး အဆောက်အအုံရှေးမူမပျက် ဆောင်ရွက်နေမှုအခြေ အနေများ၊ အနော်ရထာလမ်းနှင့် (၄၇)လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး(၂)သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR) One Stop Service (OSS) လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ သာကေတ မြို့နယ်ရှိ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတို့၏ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေရာကို သွားရောက်ကြည့်ရှုပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့် အညီ သတ်မှတ်ချိန်အတွင်းပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News