Myanmar Transparency News

သူငယ်ချင်းများနှင့်အတူ အလည်လာသည့် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးမှု မုဒုံမြို့၊ အဇင်းဆည်တွင် ဖြစ်ပွား

၂၆.၅.၂၀၂၅
Written by KL

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဇင်းဆည်တွင် ယမန်နေ့ မေလ ၂၅ ရက် ညနေ ၅ နာရီခွဲခန့်က အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့မှုကို ယနေ့မွန်းလွဲတွင် ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း ကူညီကယ်ဆယ်ခဲ့သူများထံမှ သိရသည်။

အသက် ၁၇ နှစ်အရွယ် ကိုစိုင်းဒီဇင်ညီညီမှာ မော်လမြိုင်မှ မုဒုံမြို့၊ အဇင်းဆည်သို့ သူငယ်ချင်းများနှင့်အတူ အလည်လာရင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကောင်လေးရဲ့ သူငယ်ချင်းတွေပြောပြချက်အရကတော့ ရေကူးလာရင်း အလယ်မှာ ရေနစ်ပြီး ပျောက်သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ရေနစ်ပျောက်ဆုံးနေသော လူငယ်ကို ၎င်း၏ မိသားစုဝင်များ၏ အကူအညီတောင်းခံချက်အရ သစ္စာပန်းခင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် မော်လမြိုင်မြို့မှ ရေငုပ်ကျွမ်းကျင်သူ ဦးပါကြီးတို့ပူးပေါင်း ရှာဖွေခဲ့သော်လည်း မိုးရွာသွန်းမှုကြောင့် ရေကန်အောက်ခြေ အတောင် ၄၀ ခန့်တွင် ရေများနောက်နေခြင်းကြောင့် ယမန်နေ့က ရှာဖွေမှုရပ်နားကာ ယနေ့နံနက် ၉ နာရီတွင် ပြန်လည်ရှာဖွေခဲ့ပြီးနောက် မွန်းတည့်ချိန်တွင် ရုပ်အလောင်း ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

Photo – Zin Moe

မူရင်းသတင်း — Myanmar Transparency News