Myanmar Transparency News

အမြန်လမ်းတွင် လေးကတံတား၏ လက်ရန်း ဝင်တိုက်ပြီး တံတားအောက်ပြုတ်ကျမှုဖြစ်စဥ်ဖြစ်ပွား၊ မဆင်မခြင်မောင်းနှင်သည့် ယာဥ်မောင်းကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

၂၆. ၅. ၂၀၂၅
Written by Thettant

ယမန်နေ့ မေလ၂၅ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ မော်တော်ယာဉ် တစ်စီး လမ်းချော်၍ အရှိန်မထိန်းနိုင်ဘဲ တံတားအောက်သို့ ပြုတ်ကျခဲ့သောကြောင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     
ဖြစ်စဉ်မှာ မေလ ၂၅ ရက် ည ၉ နာရီ ၂၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၉ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြားရှိ လေးကတံတား၌ မော်တော်ယာဉ်တစ်စီး တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက်နေကြောင်း သတင်းအရ ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ မန္တလေးမှ ရန်ကုန်သို့ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာနေ ဦးလှမိုး(၅၁)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးငြိမ်းမောင်(၄၈)နှစ် လိုက်ပါလာသည့် NPW-3/5C … KIA SPORTAGE မော်တော်ယာဉ်မှာ အခင်းဖြစ်နေရာအရောက် လမ်းချော်၍ အရှိန်မထိန်းနိုင်ဘဲ တံတားပေါင်အား တိုက်မိကာ တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက်ခဲ့သဖြင့် ဦးလှမိုးနှင့် ဦးငြိမ်းမောင်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်ကြောင့် ယာဥ်မောင်း ဦးလှမိုးအား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းက ယာဉ် (ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News