Myanmar Transparency News

နယ်စပ်လုံခြုံရေးအရ နယ်စပ်ကုန်သွယ်ရေး ခေတ္တရပ်တန့်နေချိန်တွင် တရားမဝင်ကုန်ပစ္စည်း တင်ပို့/တင်သွင်းမှု များပြားလာကြောင်း SAC ဒုတိယဥက္ကဋ္ဌ ပြောကြား

◾️ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ခဲ့သည့် လပေါင်း ၄၀ အတွင်း ကျပ်ဘီလျံ ၅၇၀ ကျော်တန်ဖိုးရှိ အမှုတွဲ ၂၂,၂၀၀ ခန့် ဖမ်းဆီးနိုင်ခဲ့

၂၆. ၅. ၂၀၂၅
Written by Nyein Kyaw

နယ်မြေလုံခြုံရေးအခြေအနေအရ နယ်စပ်ကုန်သွယ်ရေးများ ခေတ္တရပ်တန့်နေသည့်အချိန်တွင် တရားမဝင်ကုန်ပစ္စည်းများ တင်ပို့မှုနှင့်တင်သွင်းမှုပါ များပြားလာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂ဝ၂၅)တွင် ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ နယ်မြေလုံခြုံရေးအခြေအနေအရ နယ်စပ်ကုန်သွယ်ရေးများ ခေတ္တရပ်တန့်နေသည့်အချိန်တွင် တရားမဝင်ကုန်ပစ္စည်းများ တင်ပို့မှုနှင့် တင်သွင်းမှုပါများပြားလာကြောင်း၊ ထိုသို့ တရားမဝင်ကုန်သွယ်မှုများ ပေါ်ပေါက်လာမှုနှင့်အတူ ဖမ်းဆီးရရှိမှုများ များလာသည်ကိုလည်း တွေ့ရှိရကြောင်း၊ လုံခြုံရေးအဖွဲ့များနှင့် စစ်ဆေးရေးအဖွဲ့များကလည်း စနစ်တကျ ထိထိမိမိစစ်ဆေး ဆောင်ရွက်မည်ဆိုပါက ယခုထက်ပို၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ၂၀၂၂ ခုနှစ်မှ စတင်၍ပြင်ဆင်ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ (၁၉)ကြိမ် ရှိပြီဖြစ်ကြောင်း၊ ယခင်အစည်းအဝေး(၁၈)ကြိမ်အထိ ဆုံးဖြတ် ချက် ၆၁၉ ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ သုံးနှစ်နှင့် လေးလတာကာလ (လပေါင်း ၄၀) အတွင်း ဖမ်းဆီးရရှိမှုများကို ပြန်ကြည့်မည်ဆိုပါက ဖမ်းဆီးရမိအမှုတွဲ ၂၂,၁၉၈ မှု၊ တန်ဖိုးကျပ် ၅၇၆ ဒသမ ၅၄၁ ဘီလျံ ဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း၊ လအလိုက်ဖမ်းဆီးရမိမှုများတွင် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖမ်းဆီးရရှိမှုသည် အများဆုံးဖြစ်ကြောင်း၊ ယခုထက်ပို၍ ဖမ်းဆီးဖော်ထုတ်နိုင်ရမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

တရားမဝင်ကုန်သွယ်မှုများသည် ရာဇဝတ်ကျူးလွန်မှု၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ငွေကြေးထောက်ပံ့မှုအပါအဝင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်စေသည့်အတွက် သက်ဆိုင်သည့်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်ဆောင်ရွက်သွားရန် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးတွင် လမ်းညွှန်မှာကြားထားသည်။

မူရင်းသတင်း — Myanmar Transparency News