Myanmar Transparency News

ရထားသံလမ်းဘက် နွားကျောင်းရင်း ရထားတိုက်ခံရလို့ အမျိုးသားတစ်ဦး သေဆုံး

၃၁.၅.၂၀၂၅
Written by Hey Mar

ရထားသံလမ်းဘက် နွားကျောင်းသွားရင်း ရထားတိုက်မိလို့ လူတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က မေလ ၃၀ ရက်က မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းဖြစ်တဲ့အကြင်နာတွဲလက် လူမှုကူညီ‌ရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က သထုံမြို့ပေါ်တော်မူ-ဇရစ်ချောင်ကြားရထားလမ်း၊ မိုင်တိုင်အမှတ် ၁၃၄ – ၁၂/ ၁၃ ကြားမှာ ဖြစ်ပွားခဲ့ပြီး ရထားနဲ့ တိုက်မိသူက သထုံမြို့ပေါ်တော်မူဘုံကျောင်းပိုင်းနေ အသက် (၅၅) နှစ်အရွယ် အမျိုးသားလို့ သိရပြီး ဦးခေါင်းကြိတ်မိဒဏ်ရာ၊ ပေါင်ကြိတ်မိဒဏ်ရာတွေနဲ့ နေရာတင် အသက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြင်နာတွဲလက် လူမှုကူညီ‌ရေး အသင်းတာဝန်ရှိသူက “မ‌နေ့က နေ့ခင်းနှစ်နာရီလောက်က အသင်းကို ဖုန်းဝင်လာတယ်။ (၈၁)အမြန် ရန်ကုန်-မော်လမြိုင်လူစီးရထားနဲ့ လူတစ်ဦးတိုက်မိတယ်ဆိုပြီး။ အဲ့ဒါနဲ့ ကျွန်တော်တို့ ရောက်သွားတော့ သေနေပါပြီ။ အဲ့ဒီလမ်းက ခဏ ခဏ ဖြစ်တယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို အသင်းကပဲ သေချာစွာ ကောက်ယူထုတ်ပိုးပြီး၊ အသင်းပိုင်ယာဉ်နဲ့ သထုံပြည်သူ့ဆေးရုံကြီး(ရင်ခွဲရုံ)ဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News