Myanmar Transparency News

အမဲသားဟင်းအိုးတည်ရင်း အဲကွန်းဖွင့်အိပ်သော မိသားစုသုံးဦး ဟင်းအိုးတူးရာမှ မိခင်နှင့်သမီးတို့ အသက်ရှုကြပ်သေဆုံးမှု ဗိုလ်တထောင်တွင်ဖြစ်ပွား

၈. ၆. ၂၀၂၅
Written by Thettant

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်းရှိ တိုက်ခန်းတစ်ခုတွင် မိသားစုဝင်များက ဟင်းအိုးတည်၍ လေအေးပေးစက် ဖွင့်အိပ်ရာမှ ဟင်းအိုးတူးချိန် ညှော်နံ့ကြောင့် အသက်ရှူကြပ်၍ အမျိုးသမီးနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက်တွင် ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်း၊ တတိယထပ်တိုက်ခန်းနေ အသက် ၇၀ အရွယ် အမျိုးသမီးကြီး၊ အသက် ၅၀ အရွယ် သမီးဖြစ်သူနှင့် မိသားစုဝင်အမျိုးသားတစ်ဦးတို့ မီးသွေးမီးဖိုဖြင့် အမဲသားဟင်းအိုးတည်ပြီး လေအေးပေးစက်ဖွင့်အိပ်ရာမှ ဟင်းအိုးတူးချိန် အသက်ရှုကြပ်ကာ သေဆုံးသွားရခြင်းဖြစ်ပြီး အမျိုးသားမှာလည်း လက်ရှိအချိန်အထိ ကုသမှုခံယူနေရသည်။

“ဟာဂျီတစ်ဦးရဲ့ ဇနီးနဲ့ သမီးပေါ့။ ဇနီးကလည်း ဟာဂျီမပါ။ မနက်ခင်း အမဲသားဟင်းအိုးတည်ပြီး ပြန်အိပ်ကြတာကနေ ဟင်းအိုးတူးပြီး အလ္လာအရှင့်အမိန့် ခံယူသွားတာ။ မနက်ဖြန် သင်္ဂြိုဟ်မှာပါ။ နေအိမ်ကားတွေ မနက် ၁၁ ခွဲ ထွက်ကြမှာ”ဟု အဆိုပါ လမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဥ်မှ သေဆုံးသည့်သားအမိနှင့် စိုးရိမ်ရအမျိုးသားတို့ကို ဂျပန်ဆေးရုံကြီးသို့ ဘိုကလေးစျေးပရဟိတအသင်းမှပို့ဆောင်ကာအဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းနှင့် အခြား မိတ်ဖက်အသင်းများပူးပေါင်းကူညီဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၁ ရက်ကလည်း မီးစက်နှိုးကာ အဲကွန်းဖွင့်ထားရင်း အိပ်စက်ရာက အိမ်ခန်းတွင်း အောက်စီဂျင်ပြတ်ကာ မိသားစုဝင် လေးဦးနှင့် ခွေးတစ်ကောင် သေဆုံးနေသည်ကို ပုပ်ပွပြီး အနံ့ထွက်လာမှ သိရှိရမှု စမ်းချောင်းမြို့နယ်၊ ရွှေလောင်းလမ်းတွင် ဖြစ်ပွားခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News