Myanmar Transparency News

ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီး၍ အစိုးရချင်းချိတ်ဆက်ကာ နေရပ်ပြန်ပို့ရန် စီစဉ်နေ

၁၂.၆.၂၀၂၅
Written By Zun

ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီး၍ အစိုးရချင်းချိတ်ဆက်ကာ နေရပ်ပြန်ပို့ရန် စီစဉ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ယမန်နေ့ ဇွန်လ ၁၁ ရက် မွန်းလွဲပိုင်းက ချွန်ဘူရီခရိုင်၊ ဘန်လမုန်မြို့နယ်နှင့် ဖတ်ထယာမြို့နယ်တို့ အတွင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အဆိုပါ တရားမဝင် မြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသူများမှာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၈ ဦးဖြစ်ပြီး ယင်းတို့တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိသည့်အပြင် မူလ အလုပ်က နောက်ထပ်အလုပ်ကို ရွှေ့ပြောင်းစဉ် ထိုင်းနိုင်ငံ အလုပ်သမား စီမံခန့်ခွဲရေးဌာနသို့ တရားဝင်တင်ပြခဲ့ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ဒေသတွင်း သတင်းများက ဖော်ပြကြသည်။

ယခုအခါ အဆိုပါ ဖမ်းဆီးခံရသူများအား ချွန်ဘူရီခရိုင် နယ်မြေရဲစခန်းများတွင် ထိန်းသိမ်းထားပြီး ထိုင်းအလုပ်သမား ဥပဒေအရ အရေးယူမည့်အပြင် နေရပ်သို့ ပြန်ပို့မည် ဖြစ်ကြောင်းလည်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News