Myanmar Transparency News

ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး တောဆင်ရိုင်းနင်းခံရ၍ သေဆုံးပြီး မိခင်ဒဏ်ရာရမှု မြိုင်ဟေဝန်ဆင်စခန်းတွင် ဖြစ်ပွား

၁၇.၆.၂၀၂၅
Written by KL

တိုက်ကြီးမြို့နယ်၊ ဖလုံကျေးရွာနှင့် ၁၂ မိုင်ဝေးသော ဥက္ကံကြိုးဝိုင်းရှိ မြိုင်ဟေဝန်ဆင်စခန်းတွင် ယမန်နေ့ ဇွန်လ ၁၆ ရက် နံနက်အစောပိုင်းက တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်လာကာ အသက်ကိုးနှစ်အရွယ်မိန်းကလေးငယ်ကို နင်းသတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မိသားစုလေးဦးနေထိုင်သော နေအိမ်သို့ နံနက် ၃ နာရီကျော်အချိန်က တောဆင်ရိုင်းဝင်ရောက်လာသဖြင့် မိသားစုလိုက်ထွက်ပြေးရာ နောက်တွင်ကျန်နေရစ်သော အသက် ကိုးနှစ်အရွယ် မသဲစုခိုင်မှာ ဆင်နင်းခံရပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆင်ရန်မှကာကွယ်ပေးသော မိခင်တွင်လည်း ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်ရှိ ကျေးရွာအချို့တွင် တောဆင်ရိုင်းများ မကြာခဏ ဝင်ရောက်လာကာ နေအိမ်များဖျက်ဆီးခြင်း၊ နေထိုင်သူများကို ရန်ရှာခြင်း၊ နင်းသတ်မှုများလည်း နှစ်စဥ်ကြုံတွေ့နေရပြီး လူသေဆုံးမှု၊ဒဏ်ရာရမှုများလည်းရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

မူရင်းသတင်း — Myanmar Transparency News